ဆောမြို့နယ်၌ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ဆော၊ ၂၃ ဇန်နဝါရီ

 

 

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ ဆောင်ရွက်လျက်ရှိသော ရေရရှိရေးလုပ်ငန်းများကို ဇန်နဝါရီ ၂၂ ရက်က ဂန့်ဂေါခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

 

ထိုသို့စစ်ဆေးရာတွင် ဂန့်ဂေါခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းအောင်၊ ဆောမြို့နယ် ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းလင်းနှင့် ဝန်ထမ်းများက ကျင်းလိန်ကျေးရွာရှိ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းနှင့် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း၊ ခွေးမည်းကန် ကျေးရွာရှိ လက်တူးတွင်းတူးဖော်ခြင်းလုပ်ငန်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းနှင့် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ ကျေးလက်ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၂၉၂ အိမ်၊ လူဦးရေ ၁၃၀၄ ဦးတို့နှင့် ကျွဲနွားတိရစ္ဆာန်များအတွက် သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိမည်ဖြစ်ကြောင်း ဂန့်ဂေါခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

 

သျှားညီ