ဆောက်သမ်တန်တိုက်စစ်မှူး ရှိန်းလောင်းနှစ်နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ထပ်တိုးချုပ်ဆို

၆  ဇွန်

ဆောက်သမ်တန်တိုက်စစ်မှူး ရှိန်းလောင်းဟာ လက်ရှိကလပ်အသင်းနဲ့အတူ နှစ်နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ထပ်တိုးချုပ်ဆိုခဲ့တာကြောင့် ရှိန်းလောင်းဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီကုန်အထိ ဆက်ရှိနေမှာလည်း ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ အိုင်ယာလန်ကြယ်ပွင့် ရှိန်းလောင်းဟာ ၂၀၁၄ ခုနှစ်က ဟားစီးတီး အသင်းကနေ ဆောက်သမ်တန် အသင်းဆီကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ တိုက်စစ်မှူး ရှိန်းလောင်းဟာ ဆောက်သမ်တန် အသင်းအတွက် သွင်းဂိုး ၃၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပြီး မတ်လအတွင်းက ဆောက်သမ်တန် အသင်းနဲ့အတူ ပွဲပေါင်း ၂၀၀ ပြည့်မြောက်ခဲ့တာ လည်းဖြစ်ပါတယ်။

“ရှိန်းလောင်းက ကျွန်တော့်အတွက်တော့ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ထူးချွန်မှုရှိတဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ကျွန်တော်မတိုင်ခင် ဆောက်သမ်တန်အသင်းနည်းပြတွေအတွက်လည်း အကောင်းဆုံး စွမ်းဆောင်ပေးခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်” လို့ ရှိန်းလောင်းကို စာချုပ်သစ် ချုပ်ဆိုပြီးချိန်မှာ ဆောက်သမ်တန်အသင်းနည်းပြ ဟာဆန်ဘတ်က ပြောကြားခဲ့ပါတယ်။

ငွေကြယ်