ဆောက်လုပ်ရေးဝန်ကြီးဌာန  Public Works Department ၏ (၁၃၅) နှစ်မြောက် နှစ်ပတ်လည် နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၅
    
ဆောက်လုပ်ရေးဝန်ကြီးဌာန  Public Works Department ၏ (၁၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန  စုဝေးခန်းမဆောင်၌ ကိုဗစ် - ၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
    
ရှေးဦးစွာ အခမ်းအနား ပထမပိုင်းအဖြစ် နေပြည်တော်  ဥတ္တရသီရိခရိုင်ရှိ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ (Research Development Center) ကို ဒုတိယဝန်ကြီး ဦးမင်းထိန်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဇော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးမြင့်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ 
    
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ အမြဲတမ်းအတွင်းဝန်(ငြိမ်း) ဦးဝင်းတင့် နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးခင်သက်တို့က သုတေသန နှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ (Research Development Center) ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်၍ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရေများ ပက်ဖျန်းပေးပြီး သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေးဌာနခွဲ (Research Development Center) အတွင်းရှိ Tensile Machine လက်တွေ့စမ်းသပ် သရုပ်ပြသနေမှုနှင့် Concrete Room , Soil Lab တို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။ 
    
ဆက်လက်၍ လမ်းဦးစီးဌာန  လမ်းခင်းပစ္စည်း အရည်အသွေး စမ်းသပ်ဓါတ်ခွဲခန်းကို ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးဝင်းဖေနှင့် ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးအုန်းလွင်တို့က စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးကာ ဓါတ်ခွဲ ခန်းအတွင်း လက်တွေ့သရုပ်ပြသမှုအား လှည့်လည်ကြည့်ရှုကြသည်။
    
ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန စာကြည့်တိုက် ဆိုင်းဘုတ်ကို ပြည်ထောင်စု ဝန်ကြီးက ဖွင့်လှစ်ပေးပြီး  ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် စာကြည့်တိုက်အတွင်း ပြသထားသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ နိုင်ငံ့စွမ်းဆောင်ရည် ဆုတံဆိပ်များ၊ ဦးစီးဌာန (၅)ခုမှ ထားရှိသည့် နည်းပညာပိုင်း ဆိုင်ရာစာအုပ်များ၊ အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ စာအုပ်များ ၊ သုတေသန ဖွံ့ဖြိုးရေးစာတမ်းစာအုပ်များ၊  အဆောက်အဦ၊ လမ်း၊ တံတား ဒီဇိုင်းနှင့် စံချိန်စံညွှန်းစာအုပ်များ၊ သုတ၊ ရသစာအုပ်များ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ဆောင်းပါးများ၊ အထွေထွေဗဟုသုတ ရရှိစေမည့် စာအုပ်၊ စာစောင်များကို ကြည့်ရှု ကြသည်။
    
ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန Public Works Department ၏ (၁၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ယနေ့ဆောက်လုပ်ရေးဝန်ကြီးဌာန၏ (၁၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဂုဏ်ပြုသည့်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ Research & Development Center ကို ဖွင့်လှစ်ခြင်း၊ လမ်းဦးစီးဌာန၊ လမ်းခင်းပစ္စည်း အရည်အသွေး စမ်းသပ်ဓါတ်ခွဲခန်းကို ဖွင့်လှစ်ခြင်း၊   ဆောက်လုပ်ရေးဝန်ကြီးဌာန စာကြည့်တိုက်ကို ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။


ယနေ့အခမ်းအနားတွင် ဝန်ကြီးဌာန၏ ထူးချွန်သူများ၊ စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်သူများကိုလည်း ဂုဏ်ပြုပေးသွားမည် ဖြစ်ပါကြောင်း။

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် သမိုင်းကြောင်းရှည်လျားစွာ မားမားမတ်မတ် ရပ်တည်လာခဲ့သော ဌာနကြီးတစ်ခုဖြစ်ပြီး နိုင်ငံတော်၏ အားကိုးအားထားပြုနိုင်သည့်၊ ပြည်သူလူထုက ယုံကြည်အားကိုးသည့် ဂုဏ်သိက္ခာရှိသောဝန်ကြီးဌာနအဖြစ် နောင်နှစ်ပေါင်း များစွာ   ဆက်လက်ဖြစ်တည်နိုင်ရေးအတွက် ယခု တာဝန်ထမ်းဆောင်နေသူ အရာထမ်း / အမှု ထမ်းများမှ နောင်မျိုးဆက်သစ်များကို တိုးတက်ပြောင်းလဲလာသည့် ခေတ်နှင့်အညီ အရည် အချင်းပြည့်မီသူများအဖြစ် ပြုစုပျိုးထောင်၍  ခေတ်အဆက်ဆက်  ပခုံးပြောင်းတာဝန်များ  လွှဲပြောင်းထမ်းဆောင်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
    
ထို့နောက် ဒုတိယဝန်ကြီး ဦးမင်းထိန်က ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို အကျဉ်းချုပ် ရှင်းလင်းပြောကြားသည်။
    
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)သို့ တက်ရောက်ခဲ့ပြီး ဒုတိယဆုရရှိသူတစ်ဦးကို လည်းကောင်း၊  ဦးစီးဌာနများမှ လုပ်ငန်းခွင်အတွင်း စွမ်းစွမ်းတမံကြိုးပမ်း ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများကို လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
    
ထို့နောက် ဒုတိယဝန်ကြီး ဦးမင်းထိန် က ရုံးချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ် (၁၇)ခုတို့မှ နည်းပညာဆိုင်ရာ စာတမ်းဖတ်ပွဲတွင် ထူးချွန်ဆုရရှိသူများကို လည်းကောင်း ၊အမြဲတမ်းအတွင်းဝန် ဦးအောင်မြင့်ဦးက နည်းပညာဆိုင်ရာ စာတမ်းဖတ်ပွဲတွင် စာတမ်း ဖတ်ကြားသည့် ပြည်ထောင်စုဝန်ကြီးရုံး ၊ အဆောက်အဦ ဦးစီးဌာန ၊ လမ်းဦးစီးဌာန၊ တံတား ဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ စာတမ်းရှင်(၃၄)ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။ 
    
ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန Public Works Department ၏  သမိုင်း ကြောင်း နှင့် ပြည်ထောင်စုဝန်ကြီးရုံး ၊ အဆောက်အဦ ဦးစီးဌာန ၊ လမ်းဦးစီးဌာန ၊ တံတားဦးစီး ဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာတို့၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် တိုးတက်မှုအခြေအနေတို့ကို Video Clip ဖြင့် ပြသသည်။
    
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် ဆောက်လုပ်ရေးဝန်ကြီးဌာန Public Works Department ၏ (၁၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဆောင်ရွက်ခဲ့သော မှတ်တမ်းဓါတ်ပုံများနှင့် ပုံစံငယ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)