စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP)အစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်းဧက (၁၀၀)စိုက်ပျိုးပြီးဖြစ်

စေတုတ္တရာ ၂၅ စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ စေတုတ္တရာမြို့နယ်အတွင်း၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ  တောင်သူ (၈၀)ဦး၏ လယ်မြေများတွင် မျိုးစေ့ထုတ်စိုက်ခင်း(၁၀၀)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးရာတွင် မျိုးသန့်မျိုးပွားမျိုးစေ့(RS)အဆင့် စပါးမျိုးများ စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ပြီး ဧရာမင်းစပါးမျိုး (၄၅)ဧက၊ ဆင်းသုခစပါးမျိုး(၄၅)ဧက၊ မနောသုခ စပါးမျိုး(၁၀)ဧက စုစုပေါင်း မျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၀၀) အား စိုက်ပျိုးခြင်းဖြစ်ကာ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများရှိ တောင်သူ(၈၀) ၏ လယ်မြေဧက(၁၀၀)တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြစံနှင့်ဝန်ထမ်းများ၏ ကြီးကြပ်ဆောင်ရွက်မှုများဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် မျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၀၀)အတွက် မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးသည့် တောင်သူ များအား စပါးစိုက်ပျိုးစရိတ်၊ မျိုးကွဲနှုတ်ပယ်ခြင်းစရိတ်၊ စပါးရိတ်သိမ်းမှုစရိတ် စုစုပေါင်း စိုက်ပျိုး ထုတ်လုပ်မှုစရိတ် ငွေကျပ် (၁၄၉)သိန်းလေးသောင်း ကိုလည်း ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်းနှင့် မျိုးစေ့ထုတ် စိုက်ခင်းများတွင် မျိုးကွဲနုတ်ပယ်ခြင်းများ၊ မြေဩဇာ ထည့်သွင်းခြင်းတို့ကိုလည်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက တောင်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စေတုတ္တမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးမှုနည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒေသခံတောင်သူများအား စိုက်ပျိုးမှုနည်းပညာသစ်များဖြင့် စိုက်ပျိုးနိုင်စေရန် စိုက်ပျိုးရေးနည်းပညာသစ်များ၊ မျိုးစေ့ထုတ်စိုက်ပျိုးရေးနည်းစနစ်များ အသိပညာပေးခြင်း၊ မျိုးစေ့ထုတ်စိုက်ခင်းများတွင် လက်တွေ့ကွင်းဆင်းပြသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

စည်သူလွင်(ပြန်/ဆက်)