စေတုတ္တရာမြို့နယ် ဒွေးကုန်း- အကြည်- တောက်စုတ်- လက်ပံကျင်း ကျေးရွာချင်းဆက်လမ်း လမ်းတာချဲ့၍ မြေသားလမ်းဖောက်လုပ်ခြင်း ရာနှုန်းပြည့်ပြီးစီး

စေတုတ္တရာ ၂၁ စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း၌ ကျေးလက်ဒေသများရှိ ဒေသခံပြည်သူများ ရာသီမရွေး သွားလာမှု အဆင်ပြေစေရန်နှင့် လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ကျေးလက်လမ်းများကို အရှိန်အဟုန်မြှင့် တိုးချဲ့ဆောင်ရွက်လျက်ရှိရာ ဒွေးကုန်း- အကြည်- တောက်စုတ်- လက်ပံကျင်း ကျေးရွာချင်း ဆက်လမ်းအား လမ်းတာချဲ့၍ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ဒွေးကုန်း- အကြည်- တောက်စုတ်- လက်ပံကျင်း ကျေးရွာချင်းဆက်လမ်း လမ်းအရှည် (၆)မိုင် (၂)ဖာလုံ၊ အကျယ်(၁၆)ပေအား လမ်းတာချဲ့၍ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ် ၁၀၄ ဒသမ ၁၉၄ သန်းဖြင့် ဆင်ကိုးကောင်ကုမ္မဏီ(Nine Elephant)မှ ဖေဖော်ဝါရီ ၄ ရက်မှစတင်၍ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သောကြောင့် ဒွေးကုန်းကျေးရွာ၊ အကြည်ကျေးရွာ၊ တောက်စုတ်ကျေးရွာနှင့် လက်ပံကျင်းကျေးရွာများမှ ဒေသခံပြည်သူများအတွက် ရာသီမရွေးသွားလာနိုင်ပြီး လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချရာတွင် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နိုင်နိုင်ရွှေက ပြောကြားသည်။

 

စည်သူလွင်(ပြန်/ဆက်)