စေတနာရှင်ပြည်သူများစုပေါင်းကာ အခြေခံလူတန်းစား ပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

ရန်ကုန် ၂၆ စက်တင်ဘာ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စေတနာရှင်ပြည်သူများ စုပေါင်းကာ အခြေခံလူတန်းစား ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းသည့်  “ပြည်သူမှ ပြည်သူသို့ မျှဝေခြင်း”  အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်သာယာ( အနောက်ပိုင်း)မြို့နယ်၌ ပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါမြို့နယ် မင်္ဂလာကွက်သစ်၊ ကျုံစုကျေးရွာရှိ အိမ်ခြေ ၅၀၀ ခန့်အား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၁၅၀၀၀)ခန့် တန်ဖိုးရှိ ဆန်၊ ဆီ အပါအဝင် အခြေခံစားသောက်ကုန် ရှစ်မျိုးကို ထောက်ပံ့လှူဒါန်းခြင်းဖြစ်ပြီး  ယင်းသို့ ဆောင်ရွက်ရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် စနစ်တကျ ထောက်ပံ့လှူဒါန်းနိုင်ရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

အစီအစဉ်ဖြစ်မြောက်ရေးအတွက် ကမကထပြု ဦးစီးဆောင်ရွက်သူ ဦးဇော်နိုင်က “အခုလိုကာလမှာ အခြေခံလူတန်းစား လက်လုပ်လက်စား ပြည်သူတွေ စားဝတ်နေရေးအဆင်ပြေစေဖို့အတွက် တစ်ဖက်တစ်လမ်းကနေ ကူညီတာပါ။ စိတ်တူကိုယ်တူ မိတ်ဆွေ သူငယ်ချင်းတွေ၊ အလှူရှင်တွေစုပေါင်းပြီး လုပ်ကြတာပါ။ အခြားနေရာတွေမှာလည်း ဆက်လက် လှူဒါန်းသွားဖို့စီစဉ်ထားပါတယ်” ဟု ပြောသည်။

အလားတူ ယင်းကဲ့သို့ ထောက်ပံ့လှူဒါန်းမှုကို စက်တင်ဘာ ၂၇ ရက်တွင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်း၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါပရဟိတအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပထမလှိုင်းကာလတွင် တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊  အင်းစိန်၊ လှိုင်၊ လှိုင်သာယာ၊  စမ်းချောင်း၊ ဒလ စသည့် မြို့နယ်များမှ အနှေးယာဉ်လုပ်သား ၅၀၀၀ ခန့်အား “ပြည်သူမှ ပြည်သူသို့ မျှဝေခြင်း" အစီအစဉ်အဖြစ် အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ဆောင်ရွက်ရေး လုပ်ငန်းများအား နိုင်ငံတော်အစိုးရအနေဖြင့် အချိန်နှင့်တပြေးညီ အလေးထားဆောင်ရွက်နေသကဲ့သို့ ပြည်သူ ပြည်သားများထဲမှ ချို့တဲ့သူများအား တက်နိုင်သလောက် ကူညီနိုင်ကြရန် ရည်ရွယ်ကာ "ပြည်သူမှ ပြည်သူသို့ မျှဝေခြင်း" အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး