စစ်ရေးပဋိပက္ခနှင့် ကိုဗစ်-၁၉ အန္တရာယ် ဒွန်တွဲရင်ဆိုင်နေရသော အရှေ့အလယ်ပိုင်းနိုင်ငံများ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ တံခါးမခေါက်ဘဲ ကမ္ဘာပတ်၍ နေလေပြီ။ ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်ကလည်း ခရီးသွားလာခြင်း ပိတ်ပင်မှုကြောင့် နေအိမ်အတွင်း၌သာ မိုးလင်းမိုးချုပ် နေထိုင်လျက်ရှိကြသည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ အစိုးရများကလည်း ဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းစဉ်များကို အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိ သည်။ ယခုကဲ့သို့ ကပ်ဆိုးကြီးကို ရင်ဆိုင်နေရချိန်တွင် ကမ္ဘာတစ်လွှား၌ နိုင်ငံရေး အယူအဆ ကွဲပြားခြားနားမှု အမျိုးမျိုးကြောင့် စစ်မက်ဖြစ်ပွားနေသည့် နိုင်ငံများအား အပစ်အခတ်ရပ်စဲရန် ကုလသမဂ္ဂက ဆော်ဩခဲ့သည်။ ကုလသမဂ္ဂအဖွဲ့၏ အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုပြုပြီးနောက် စစ်မက်ဖြစ်ပွားလျက်ရှိသည့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများဖြစ်သော ဆီးရီးယား၊ ယီမင်၊ လစ်ဗျားနှင့် အီရတ် နိုင်ငံများအတွင်း၌ နိုင်ငံရေးအခြေအနေများ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမလား သို့မဟုတ် ပြောင်းလဲမှုမရှိဘဲ စစ်ဆင်ရေးများ ဆက်လက်ဆင်နွှဲနေဦးမလားဆိုသည်ကို လေ့လာသုံးသပ်ကြည့်ကြပါစို့။

 

အရှေ့အလယ်ပိုင်းဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၀၀၀၀ နီးပါး မြင့်တက်လာသည့်အတွက် အရှေ့အလယ် ပိုင်းနိုင်ငံအစိုးရများအား ဗိုင်းရပ်စ်ကာကွယ် တားဆီးရေး လုပ်ဆောင်ချက်များကို အလေးပေးဆောင်ရွက်ရန် ကုလသမဂ္ဂအဖွဲ့က တိုက်တွန်းပြောကြားခဲ့သည်။

 

ဆီးရီးယားနိုင်ငံ 

 

ဆီးရီးယားနိုင်ငံအတွင်း၌ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို ရုရှားနှင့် တူရကီတို့က မတ် ၅ ရက်တွင် သဘော တူညီခဲ့ကြသည်။ အဆိုပါအပစ်အခတ် ရပ်စဲမှုသည် မတ် ၆ ရက်တွင် စတင်အသက် ဝင်ခဲ့သည်။ ဆီးရီးယားအဝေးပြေးလမ်းမကြီး တစ်လျှောက် ခြောက်ကီလိုမီတာ ကျယ်ဝန်းသည့် အပစ်အခတ်ရပ်စဲရေးစင်္ကြံကို ထူထောင်ခဲ့ကြသည်။ နှစ်နိုင်ငံသဘောတူညီမှုဖြင့် မတ် ၁၅ ရက်မှစပြီး အဆိုပါ အဝေးပြေးလမ်းမကြီး တစ်လျှောက် နှစ်နိုင်ငံတပ်ဖွဲ့တို့ ပူးတွဲကင်းလှည့်မှုများ လုပ်ဆောင်လျက်ရှိသည်။ ရုရှားနှင့် တူရကီ နိုင်ငံတို့ အပစ်အခတ်ရပ်စဲရေးရရှိပြီးနောက် မတ် ၁၄ ရက်တွင် ဆီးရီးယားနိုင်ငံအတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင် တွေ့ရှိခဲ့သည်။ လက်ရှိအချိန်အထိ ဆေးမှတ်တမ်းများအရ ဆီးရီးယားနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၉ ဦးရှိပြီး နှစ်ဦး သေဆုံးခဲ့သည်။ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာသည့်အတွက် တိုက်ခိုက်ရေးဆင်နွှဲမှုများလည်း သိသိသာသာ လျော့ကျလာခဲ့သည်။ မတ်လအတွင်း အရပ်သားသေဆုံးမှု ၁၀၃ ဦးသာ ရှိခဲ့သည်။ ယခုသေဆုံးမှုအရေအတွက်သည် ဆီးရီးယားနိုင်ငံအတွင်း ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့သည့်အချိန် ၂၀၁၁ ခုနှစ်ကစပြီး သေဆုံးမှုအရေအတွက် အနည်းဆုံးဖြစ်ကြောင်း ဆီးရီးယားလူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။

 

နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု များမြင့်တက်လျက်ရှိသည့်အတွက် အီဒလစ်မြို့နေ ပြည်သူ သုံးသန်းခန့်သည် ရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဆက်လက်ခိုင်မြဲစေရန် မျှော်လင့် လျက်ရှိကြသည်။ ထို့ကြောင့် ဆီးရီးယားနိုင်ငံအတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့များဖြစ်သည့် ဆီးရီးယားအစိုးရ၊ ကော့ဒ်တပ်ဖွဲ့နှင့် ဂျီဟတ် အစွန်းရောက်အဖွဲ့များက ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုကို ဟန့်တားထိန်းချုပ်ကာ ပြည်သူများ၏ ယုံကြည်ကိုးစားမှုကို ပိုမိုရရှိရန် ကြိုးပမ်းကြရမည်ဖြစ်သည်။

 

ထို့ပြင် ကပ်ရောဂါဆိုးကြီး ကူးစက်ပျံ့နှံ့ လာမှုကြောင့် အမေရိကန်ဦးဆောင်သော တပ်ဖွဲ့များသည် ဆီးရီးယားနိုင်ငံနှင့် အိမ်နီးချင်း အီရတ်နိုင်ငံတို့မှ စောစီးစွာ ဆုတ်ခွာသွား နိုင်ဖွယ်ရှိသည်။ သို့သော် တစ်ဖက်ကလည်း အိုင်အက်စ်အစွန်းရောက်အဖွဲ့၏ တိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ရန် ပြင်ဆင်မှုများ၊ အတွက် အချိန်ဖန်တီးပေးရာလည်း ရောက်သွားနိုင်သည်။

 

ယီမင်နိုင်ငံ ယီမင်နိုင်ငံအတွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မတွေ့ရှိသေးသော်လည်း ကာလဝမ်းရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါများ ဖြစ်ပွားလျက်ရှိပြီး သန့်ရှင်းမှုမရှိခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုအခြေအနေများ ရှိနေသေးသည့်အတွက် ယီမင်ပြည်သူများအနေဖြင့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိသည်။ ထို့ကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က နိုင်ငံအတွင်း အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုခဲ့သည်။

 

ယီမင်အစိုးရနှင့် ဟူသီသူပုန်အဖွဲ့က ကုလသမဂ္ဂ၏ အပစ်အခတ်ရပ်စဲရေးသဘော တူညီမှုကို ကနဦးတွင် လိုက်နာခဲ့သော်လည်း ငါးနှစ်ကြာဖြစ်ပွားလျက်ရှိသည့် ပြည်တွင်းစစ် အခြေအနေသည် အပြန်အလှန်တိုက်ခိုက်မှု ဆီသို့ ပြန်လည်ဦးတည်သွားခဲ့ပြန်သည်။ ဆော်ဒီဦးဆောင်သော လေကြောင်းတပ်ဖွဲ့သည် အီရန်ထောက်ခံသည့် ဟူသီသူပုန်အဖွဲ့၏ ရီဟာ့ဒ်မြို့သို့ ဦးတည်ပစ်လွှတ်ခဲ့သည့် တာဝေးပစ်ဒုံးကျည်များကို ဖြိုခွင်းခဲ့သည်ဆိုသော သတင်းများ မကြာသေးမီက ထွက်ပေါ်လာခဲ့သည်။ 

 

အလားတူ ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က ဟူသီသူပုန်အဖွဲ့၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် ဟူသီထိန်းချုပ်သော ဆာနားမြို့သို့ တိုက်ခိုက် ရေးဆင်နွှဲခဲ့ပြန်သည်။

 

ယီမင်အစိုးရတပ်ဖွဲ့နှင့် ဟူသီသူပုန်အဖွဲ့တို့ တိုက်ခိုက်မှုများ အပြန်အလှန် လုပ်ဆောင်လျက်ရှိသည့်အတွက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် ကုလသမဂ္ဂ ကိုယ်စားလှယ် မာတင်ဂရီဖစ်က တိုက်တွန်း ပြောကြားခဲ့သည်။

 

ငါးနှစ်ကြာဖြစ်ပွားလျက်ရှိသော ယီမင်ပြည်တွင်းစစ်၏ ဆိုးကျိုးများကြောင့် နိုင်ငံအတွင်းရှိ ကျန်းမာရေးအခြေခံအဆောက်အအုံများ ပျက်စီးခဲ့ရသည်။ အဆိုပါနေရာများတွင် ရေရှားပါးမှုများရှိသည့်အပြင် လူသားချင်း စာနာထောက်ထားမှုအထောက်အပံ့များ လိုအပ်လျက်ရှိသည်။ လက်ရှိအချိန်တွင် အစိုးရတပ်ဖွဲ့နှင့် ဟူသီသူပုန်တို့အကြား အပစ်အခတ် ရပ်စဲရေးသဘောတူညီမှုမရရှိခဲ့ပါက ပြည်သူအများအပြား သေဆုံးသွားနိုင်ဖွယ်ရှိသည်။

 

လစ်ဗျားနိုင်ငံ လစ်ဗျားအစိုးရအဖွဲ့နှင့် အတိုက်အခံ ခေါင်းဆောင် ခါလီဖာ ဟက်ဖ်တာတို့သည် ကနဦးတွင် ယီမင်နိုင်ငံကဲ့သို့ပင် ကုလသမဂ္ဂ၏ အပစ်အခတ်ရပ်စဲရေးတောင်းဆိုမှုကို လိုက်လျောခဲ့သည်။ သို့သော် မကြာမီအချိန်မှာပင် အပြန်အလှန်တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့ကြသည်။

 

လစ်ဗျားနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၇ ဦးရှိပြီး တစ်ဦးသေဆုံးခဲ့သည်။ သို့သော် လစ်ဗျားအစိုးရအဖွဲ့နှင့် အတိုက်အခံအဖွဲ့တို့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများကို လျစ်လျူရှုပြီး အပြန်အလှန် တိုက်ပွဲများ ဆင်နွှဲလျက်ရှိသည်ကို တွေ့ရသည်။

 

မကြာသေးမီရက်ကပင် မြို့တော် ထရီပိုလီတောင်ဘက်ပိုင်းတွင် အစိုးရတပ်ဖွဲ့နှင့် အတိုက်အခံခေါင်းဆောင်အဖွဲ့တို့ ပြင်းထန်သော စစ်ဆင်ရေးများ အပြန်အလှန် ဖြစ်ပွားခဲ့သည်။ ကိုရိုနာဗိုင်းရစ်ရောဂါ ဖြစ်ပွားမှုသည် နိုင်ငံအတွင်း အပစ်အခတ်ရပ်စဲမှုများ ပြုလုပ်ရန် လုံလောက်သောအကြောင်းပြချက်မဟုတ်သေးဟု နှစ်ဖက်ခေါင်းဆောင်များက ယူဆထားကြသည်။

 

တူရကီအစိုးရကလည်း အမျိုးသား သဘောတူညီမှုဖြင့် ဖွဲ့စည်းထားသော လစ်ဗျားအစိုးရအဖွဲ့အား ထောက်ခံပေးကာ နိုင်ငံ၏ပဋိပက္ခတွင် အဓိကနေရာမှ ပါဝင်ပတ်သက်ခဲ့သည်။ အရှေ့အလယ်ပိုင်းပဋိပက္ခဖြစ်ပွားမှုများကို အနောက်နိုင်ငံများက ပါဝင်ပတ်သက်မှုများ တဖြည်းဖြည်း လျှော့ချလာသည့်အတွက် တူရကီအစိုးရကလည်း လစ်ဗျားအစိုးရအား ကျောထောက်နောက်ခံပေးမှုများကို အနည်း ငယ်ရပ်တန့်သွားနိုင်ဖွယ်ရှိသည်။

 

ထို့ကြောင့် လစ်ဗျားအစိုးရအပေါ် တူရကီ အစိုးရ၏ ထောက်ပံ့မှုများ လျော့ကျသွားမည်ဆိုပါက အရှေ့ပိုင်းအခြေစိုက် အတိုက်အခံခေါင်းဆောင် ခါလီဖာဟက်ဖ်တာအား သစ္စာခံသည့်အဖွဲ့များအတွက် အခွင့်ကောင်းတစ်ခု ဖြစ်သွားနိုင်သည်။ ခါလီဖာ ဟက်ဖ်တာအား ရုရှား၊ အီဂျစ်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့က ကျောထောက်နောက်ခံ ပေးလျက်ရှိသည်။

 

လက်ရှိအချိန်တွင် အနောက်နိုင်ငံများသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရသည်။ ထို့ကြောင့် နိုင်ငံအတွင်း ဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်နေရသည့်အတွက် နိုင်ငံရပ်ခြားပဋိပက္ခအခြေအနေများကို လျစ်လျူရှုထားရဖွယ်ရှိသည်။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ကို တွေ့ကြုံနေရချိန်တွင် အနောက်နိုင်ငံများအနေဖြင့် လစ်ဗျားနိုင်ငံအတွင်း အပစ် အခတ်ရပ်စဲရေး သဘောတူညီမှုရရှိရန် အဓိကဦးစားပေးလုပ်ဆောင်ခြင်း မရှိတော့ကြောင်း နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်ရေးအုပ်စု၏ အစီရင်ခံစာတစ်ရပ်အရ သိရသည်။

 

အီရတ်နိုင်ငံ 

 

အီရတ်နိုင်ငံအတွင်း ပြည်တွင်းစစ်များ ငြိမ်းအေးလျက်ရှိသော်လည်း နိုင်ငံ၏အချို့ သောဒေသများတွင် အိုင်အက်စ်စစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်မှုအနည်းငယ်ရှိနေသေးသည်။ ထို့ပြင် အီရတ်နိုင်ငံအပေါ် အီရန်နှင့် အမေရိကန်နိုင်ငံတို့၏ နိုင်ငံရေးအရ လွှမ်းမိုးမှုများသည် ဆက်လက်မြင့်တက် နေဆဲပင်ဖြစ်သည်။

 

အီရန်နှင့် အမေရိကန်နိုင်ငံတို့သည် လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမြင့်မားဆုံးနိုင်ငံများစာရင်းတွင် ပါဝင်သည်။ သို့သော် အီရတ်နိုင်ငံ၏ ပြည်တွင်းရေးနှင့် ပတ်သက်ပြီး စွက်ဖက်မှုများကို နှစ်နိုင်ငံစလုံးက လျှော့ချပစ်ခြင်း မတွေ့ရသေးပေ။

 

အီရတ်နိုင်ငံအတွင်း၌ အမေရိကန် တပ်ဖွဲ့များမှအပ အချို့သော ညွန့်ပေါင်းတပ်ဖွဲ့ဝင်များသည် အမိနိုင်ငံများသို့ ပြန်လည်ဆုတ်ခွာသွားပြီး စစ်စခန်းအချို့ကိုလည်း ပြန်လည်ဝိတ်သိမ်းသွားခဲ့သည်။ လက်ရှိအချိန်တွင် အီရတ်နိုင်ငံအတွင်း၌ အမေရိကန်တပ်ဖွဲ့များ၏ စစ်စခန်း အနည်းငယ် တပ်စွဲထားလျက်ရှိသည်ကို တွေ့ရသည်။

 

ထို့ပြင် အီရတ်နိုင်ငံအတွင်းရှိ အမေရိကန်စစ်စခန်းများကို အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်မည်ကို ကြိုတင် ကာကွယ်သည့်အနေဖြင့် ဒုံးခွင်းဒုံးများကို အမေရိကန်က ဖြန့်ကြက်ထားလျက်ရှိသည်။

 

ဒီဇင်ဘာလအတွင်း အီရန်က အမေရိကန်စစ်စခန်း တစ်ခုပေါ်သို့ ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် အမေရိကန် စစ်သည်တစ်ဦး သေဆုံးခဲ့ပြီး အမေရိကန်နှင့် အီရန်တို့၏ အပြန်အလှန်ပစ်ခတ်မှုများလည်း ဆက်လက်ဖြစ်ပေါ်စေခဲ့သည်။ ယင်းတိုက်ခိုက်မှုများတွင် အီရန်ဗိုလ်ချုပ်ကြီး ကာဆမ်းဆိုလန်းမန်းနီနှင့် အီရတ်ကာကွယ်ရေး ထိပ်တန်းခေါင်းဆောင် အဘူမာဒီ အယ်မူဟန်ဒစ်တို့ သေဆုံးသွားခဲ့သည်။

 

လက်ရှိအချိန်တွင် အီရတ်နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၃၀ ရှိပြီး သေဆုံးသူ ၄၆ ဦးရှိသည်။ အီရတ်အစိုးရက နိုင်ငံအတွင်း ဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။ နိုင်ငံ၏ အချို့သော ပြည်နယ်များတွင် ခရီးသွားလာမှုများကို ဧပြီ ၁၁ ရက်အထိ ကန့်သတ်ထားသည်။ ဘဂ္ဂဒက်မြို့ရှိ ဈေးနေရာငါးခုကိုလည်း ယာယီပိတ်ထားမှုများ ပြုလုပ်ထားသည်ကို တွေ့ရသည်။

 

ဤသို့ ပြည်တွင်းစစ်၏ ဆိုးကျိုးများကို ခံစားနေရချိန်တွင် ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုအန္တရာယ်ကိုလည်း ရင်ဆိုင်နေရသည့် စစ်မက်ဖြစ်ပွားလျက်ရှိသော နိုင်ငံများမှ ပြည်သူများ၏ဘဝကို ထပ်တူခံစားရင်း ရေးသားလိုက်ပါသည်။

 

အောင်ကျော်ကျော်