စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်  ခင်ဦး၊ ရေဦးနှင့် ဒီပဲယင်းမြို့နယ်များတွင် COVID 19 နှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားမှုတို့အား ကြည့်ရှုစစ်ဆေး

မုံရွာ  ၃၀  မတ်  

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင်အတွင်းရှိ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌများနှင့်အတူ ယနေ့ နံနက် ၇ နာရီခွဲက ရွှေဘိုခရိုင်အတွင်းရှိ  ခင်ဦး၊ ရေဦး၊ ဒီပဲယင်းမြို့နယ် များတွင် COVID 19 ရောဂါနှင့် ပတ်သက်၍  ကြိုတင်ပြင်ဆင်ထားမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘို-ခင်ဦး-ဒီပဲယင်း-ဘုတလင်-မုံရွာလမ်း တစ်လျှောက် သက်ဆိုင်ရာမြို့နယ်များမှ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ COVID 19 ရောဂါနှင့် ပတ်သက်၍ ပြည်သူများကျန်းမာရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ထားမှုအခြေအနေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း စနစ်တကျ အထူးအလေးထားကာ ပြည်သူပူးပေါင်းပါဝင်မှုတို့ဖြင့် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယနေ့  ရွှေဘိုခရိုင်အတွင်းရှိ  COVID 19 နှင့်ပတ်သက်၍ကြိုတင်ပြင်ဆင်ထားရှိ ဆောင်ရွက်ထားသော နေရာ အသီးသီးတို့တွင် ထိုင်းငံမှ မိမိတို့မြို့ရွာအသီးသီးသို့ ပြန်လာကြသူများဖြစ်ကြပြီး ခင်ဦးမြို့နယ် ကံသစ် အလယ်တန်းကျောင်းတွင် ကျား(၄)ဦးနှင့်  မ(၇)ဦး၊ ရေဦးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျား(၆)ဦးနှင့် မ(၈)ဦး၊ ဒီပဲယင်းမြို့နယ် စိုင်ပြင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျား(၃)ဦးနှင့် မ(၁)ဦး စုစုပေါင်း သံသယပြည်သူပေါင်း(၂၉)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် လုံခြုံရေးဆောင်ရွက်ပေးထားမှုတို့ကို ဝန်ကြီးချုပ်က ကြည့်ရှုအားပေးစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)