စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄)မြို့နယ်တွင် စနစ်ကျ လယ်ယာမြေဧက(၆၀၀) ဖော်ထုတ်ပေးမည်

မုံရွာ ၁၁ နိုဝင်ဘာ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄)မြို့နယ်တွင် စနစ်ကျ လယ်ယာမြေဧက(၆၀၀)ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်ငွေဖြင့် ဖော်ထုတ်ပေးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဇင်၏ ပြောကြားချက်အရ သိရသည်။

စက်မှုလယ်ယာစနစ်ဖြင့် အကောင်အထည်ဖော်လုပ်ဆောင်ရာတွင် စက်မှုလယ်ယာသုံးစက်ကိရိယာ များကို စွမ်းအားပြည့် အသုံးပြုနိုင်ရန်၊ စိုက်ပျိုးရေကို စနစ်ကျသုံးစွဲနိုင်ရန်၊ စိုက်ပျိုးစနစ်နှင့် ရိတ်သိမ်းစနစ်များ ပိုမိုကောင်းမွန်လာပြီး သီးနှံများကို အရိပ်အောက်သို့ အချိန်မီရောက်ရှိစေနိုင်သည့် အကျိုးကျေးဇူးများကို ရရှိစေရန်အတွက် ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စနစ်ကျလယ်ယာမြေဖော်ထုတ်ပေးမှုအနေဖြင့် ဝက်လက်မြို့နယ် တပ်ကျေးရွာတွင် ဧက(၂၀၀)အားလည်းကောင်း၊ ကန့်ဘလူမြို့နယ် တင်ငုတ်ကြီးနှင့် ကံရိုး ကျေးရွာတို့တွင် ဧက (၂၀၀)အားလည်းကောင်း၊ မုံရွာမြို့နယ် အောက်စိမ့်တောကျေးရွာတွင် ဧက(၁၀၀) အားလည်းကောင်း၊ ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာတွင် ဧက(၁၀၀)အားလည်းကောင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်မှ ငွေကျပ် သန်း(၄၈၀)ကို အကုန်အကျခံဖော်ဆောင်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)