စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး စံပြစိုက်ကွက် ဧက (၃၀၀၀)ကျော် စိုက်ပျိုးပြသသွားမည်

မုံရွာ   ၃၁   အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် စံပြစိုက်ကွက်များအဖြစ် ခရိုင်(၁၁)ခုနှင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များတွင် (၃၀၇၅)ဧကကို စိုက်ပျိုးပြသနိုင်ရေး စီစဉ်လျက် ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာတင်မာမာဦး၏ ပြောကြားချက်အရ သိရသည်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် စံပြစိုက်ကွက်များအဖြစ် ဂျုံမျိုးကောင်း မျိုးသန့် ဧက (၁၁၀)၊ ပဲတီစိမ်း ဧက (၄၀)၊ စားတော်ပဲ (၁၄၅)ဧက၊ ပဲပုတ် (၁၈၅)ဧက၊ ပဲကြီး (၃၅)ဧက၊ စွန်တာပြာ ဧက (၂၀)၊ အစေ့ထုတ်ပြောင်း (၂၆၅)ဧက၊ ကုလားပဲ ဧက(၅၂၀)၊ မတ်ပဲ ဧက(၂၀)၊ မြေပဲ ဧက(၇၉၀)၊ နှမ်း (၄၂၅)ဧကနှင့် နေကြာ ဧက (၅၂၀) တို့ကို စိုက်ပျိုးပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

“တောင်သူတွေနဲ့ စိုက်ပျိုးရေးဝန်ထမ်းတွေပူးပေါင်းပြီး စံပြစိုက်ကွက်တွေ ဖော်ဆောင်စိုက်ပျိုးပြသသွားမှာ ဖြစ်ပါတယ်။ တောင်သူတွေအနေနဲ့ကလည်း စံပြစိုက်ကွက်တွေမှာ ကြည့်ပြီးသာမက စိုက်ပျိုးရေး ဝန်ထမ်းတွေဆီမှာလည်း လူကိုယ်တိုင်သွားရောက်တာပဲဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲဖြစ်ဖြစ် မိမိတို့စိုက်ပျိုးလိုတဲ့ သီးနှံ မျိုးကောင်းမျိုးသန့်တွေရရှိဖို့၊ စိုက်ပျိုးနည်းစနစ်တွေကိုလည်း မေးမြန်းနိုင်တယ်” ဟု စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာတင်မာမာဦးက ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စံပြစိုက်ခင်းများအဖြစ် စစ်ကိုင်းခရိုင်အတွင်း ဧက (၃၁၀)၊ မုံရွာခရိုင် အတွင်း ဧက (၃၀၀)၊ ယင်းမာပင် ခရိုင်အတွင်း(၃၄၅)ဧက၊ ရွှေဘိုခရိုင်အတွင်း ဧက(၃၄၀)၊ ကန့်ဘလူခရိုင်အတွင်း (၁၈၅)ဧက၊ ကသာခရိုင်အတွင်း (၃၆၅)ဧကအားလည်းကောင်း၊ ကောလင်းခရိုင်အတွင်း (၃၅၈)ဧက၊ ကလေး ခရိုင်အတွင်း(၃၇၅)ဧက၊ မော်လိုက်ခရိုင်အတွင်း ဧက(၁၇၀)၊ တမူးခရိုင်အတွင်း(၁၉၅)ဧက၊ ခန္တီးခရိုင်အတွင်း ဧက(၉၀)နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း(၄၂)ဧကတို့အား စံပြစိုက်ခင်းများအဖြစ် တည်ထောင် စိုက်ပျိုးပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)