စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့နယ်အတွင်းရှိ Quarantine Centre များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုံရွာ ၂၃ စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင် စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုအောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသောင်းဟိန်းနှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ ညနေ ၄ နာရီက ရွှေဘိုမြို့နယ်အတွင်းရှိ Quarantine Centre များသို့ သွားရောက်ကြည့်ရှုစစ်ဆေး အားပေးစကားများ ပြောကြားခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု ကံသာကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ COVID-19 ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့မှုသူ (၁၃)ဦး facility Quarantine ဝင်ရောက်နေမှု အခြေအနေနှင့်  တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအား သွားရောက်ကြည့်ရှု အားပေးစကားများ ပြောကြားပြီး လိုအပ်လျက်ရှိသော N-95 MASK များ၊ ရေသန့်ဘူးများနှင့် လက်သန့်ဆေးရည်ဘူးများကို ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် ခင်ဦးမြို့ စည်ပင်သာယာပန်းခြံနှင့် ကလေးကစားကွင်း ဆောင်ရွက်နေမှု အခြေအနေ၊ ရွှေဘို- ညောင်ပင်သာ ရေဦးလမ်း ပျက်စီးနေသော လမ်းပိုင်းများ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေ၊ ရေဦး- ခင်ဦးလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ ပေ ၆၀ ကိုးပင်တံတားသစ် တည်ဆောက်မှုအခြေအနေတို့အား  ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)