စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာ ကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်သို့ တက်ရောက်

မုံရွာ ၇ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါ၍ ယနေ့ ညနေ ၃ နာရီက မုံရွာမြို့ ပြည်သူ့အားကစာကွင်းတွင် ကျင်းပပြုလုပ်သော ၂၀၁၉-၂၀၂၀ ပညာသင်နှစ်   စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်သို့ တက်ရောက်ခဲ့သည်။

 

4

 

အခမ်းအနားတွင် စစ်ကြောင်းမှူးနှင့် အားကစားအဖွဲ့တို့က အလေးပြခံစင်မြင်ပေါ်ရှိ ဝန်ကြီးချုပ်အား (၂) မိနစ်ခန့် အလေးပြုကြပြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်   စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်ကြီးအား ဖွင့်လှစ်ပေးသည်။

 

ဆက်လက်၍ စစ်ကြောင်းမှူးနှင့် အားကစားအဖွဲ့တို့က အားကစား သစ္စာအဓိဌာန် ရွတ်ဆိုကြပြီး  ဝန်ကြီးချုပ်အား ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ အလေးပြုကြသည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့က အခြေခံပညာအထက်တန်း အမှတ် (၇) နှင့် လယ်ဇင် (အ. ထ. က)၊ (အ. ထ. က-ခွဲ) နန္ဒဝန် ကျောင်းသူ စုစုပေါင်း (၃၀၀) ဦး၏ မြန်မာ့သိုင်းသရုပ်ပြ ဖျော်ဖြေမှုတို့အားလည်းကောင်း၊ ကလေးခရိုင်နှင့် စစ်ကိုင်းခရိုင် ဘောလုံးယှဉ်ပြိုင် ကစားမှုတို့အားလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။

 

4

 

အဆိုပါ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်ကြီးကို ယနေ့မှစပြီး ဒီဇင်ဘာ ၁၂ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)