စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် စစ်ကိုင်းမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စစ်ကိုင်း စက်တင်ဘာ ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာ မိုးပျံနဂါး ဘက်စုံမွေးမြူရေးခြံသို့ ရောက်ရှိရာ တာဝန်ရှိသူများက နွား၊ ဝက်၊ ဆိတ်၊ ကြက် မွေးမြူထားရှိမှု အခြေအနေများ၊ အစားအစာ ရရှိနေမှုများ၊ ဒေသခံပြည်သူများ အလုပ်အကိုင် ရရှိနေမှုများကို ရှင်းလင်းတင်ပြပေးခဲ့ပြီး ဘက်စုံမွေးမြူထားသည့် အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်ကိုင်းမြို့နယ်၊ ပန်းချီကျေးရွာ သဇင်ပန်း ကြက်မွေးရေးခြံနှင့် ကျောက်ဆည်ကျေးရွာရှိ ဦးစန်းယု ဝက်မွေးမြူရေးခြံ တည်ဆောက်ရေးလုပ်ငန်းများသို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများ၊ ရှေ့ဆက်လက် လုပ်ဆောင်သွားမည့် အခြေနေများကို ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် စစ်ကိုင်းမြို့၊ ခုတင်(၂၀၀)ဆံ့ ဆေးရုံကြီးအတွင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် တည်ဆောက်လျက်ရှိသော အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စက်ရုံအမြန်ဆုံး လည်ပတ်နိုင်ရေး လမ်းညွှန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)