စစ်ကိုင်းမြို့နယ် အတွင်းရှိ ဘုရားစေတီပုထိုးများ ပြန်လည်ဖူးမြော်ခွင့် ရရှိတော့မည်

စစ်ကိုင်း ၁၂  ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ရှေးဟောင်းသာသနိက အဆောက်အဦများ၊ ဘုရားစေတီပုထိုး များသို့ အများပြည်သူများ လာရောက်ဖူးမြော်ခွင့်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ကာလအတွင်း ၂၀၂၀ ပြည့်နှစ်၊  မတ်လမှ စတင်၍ ဖူးမြော်ခွင့်ယာယီ ရပ်နားထားခဲ့ရာ ဇူလိုင် ၁၂ ရက်နေ့မှ စတင်၍ ပြန်လည် ဖူးမြော်ခွင့် ရရှိတော့မည် ဖြစ်ကြောင်း သိရသည်။

 

ဘုရားစေတီပုထိုးများ ဖူးမြော်နိုင်ရေးအတွက် ဘုရားဂေါပကအဖွဲ့များ၊ သက်ဆိုင်ရာ ဩဝါဒ စရိယ ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စီမံဆောင်ရွက်ထားသော ဘုရားစေတီပုထိုးများအား ပြန်လည်ဖူးမြော်ခွင့်ပြုရာ ဇူလိုင် ၁၂ ရက်နေ့တွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ သမိုင်းဝင် ဆွမ်းဦးပုညရှင် စေတီတော်ဘုရားကြီးသည် ကျန်းမာ ရေးနှင့်ညီညွတ်စွာ စီမံဆောင်ရွက်ထားရှိပြီး ဖြစ်သည့်အတွက် ဘုရားဖူးမြော်ခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

စစ်ကိုင်းမြိုနယ်အတွင်းရှိ အခြားရှေးဟောင်းသာသနိက အဆောက်အဦများ၊ ဘုရားစေတီ ပုထိုးများမှာလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြန်လည်ဖူးမြော်ခွင့် ရရှိနိုင်ရန် ဆောင်ရွက်နေကြကြောင်းလည်း သိရှိရသည်။

 

ဇော်မြင့်နိုင်(ခရိုင်ပြန်/ဆက်)