စစ်ကိုင်းမြို့၌ နိုင်ငံတကာအဆင့်မီ အရေးပေါ်ကယ်ဆယ်ရေး သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်း ၁၂  ဇူလိုင်

 

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (Myanmar Rescue Organization) စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့ သုခကာရီကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းမှ ကြီးမှူးကျင်းပသည့် နိုင်ငံတကာအဆင့်မီ အရေးပေါ်ကယ်ဆယ်ရေး သင်တန်းဆင်းပွဲအား ဇူလိုင် ၁၁ ရက် မွန်းလွဲ ၂ နာရီက အဆိုပါအသင်းတည်ရှိရာ လေးကျွန်းမြေအုဌ်ကျောင်းတိုက် အောင်ရတနာကျောင်းဆောင်တော်၌ ကျင်းပခဲ့သည်။                                

 

အခမ်းအနားတွင် သုခကာရီကျန်းမာရေးနှင့် လူမှုကူညီရေးအသင်း၏ ဦးဆောင်နာယက ဆရာတော် ဘဒ္ဒန္တဓမ္မပ္ပီယာလင်္ကာရက သင်တန်းဆင်းဩဝါဒမြွက်ကြားခဲ့သည်၊ ထို့နောက် စစ်ကိုင်းမြို့ နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်း၊ မြို့မိ၊ မြို့ဖဥက္ကဋ္ဌ ဦးတင်မျိုးလွင်၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်(ဗဟို)ကော်မတီ ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်မင်းဦးနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်(ဗဟို) အလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်တွဲဖက်အတွင်းရေးမှူး(၂)၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီးဥက္ကဋ္ဌ၊ သုခကာရီကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းတို့က အမှာစကားနှင့် မိတ်ဆက်စကားများ ပြောခဲ့ကြသည်။                                                              

 

ဆက်လက်၍ သင်တန်းသား/သင်တန်းသူများက သင်တန်းမှ သင်ယူလေ့ကျင့်မှတ်သားခဲ့ရသည့် အရေးပေါ် ကယ်ဆယ်နည်း သင်ခန်းစာများကို လက်တွေ့သရုပ်ပြခဲ့ကြသည်၊ ထို့နောက် သင်တန်းမှူး အပါအဝင် သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုငွေနှင့်ဂုဏ်ပြုလက်မှတ်များကို လည်းကောင်း၊ သင်တန်းတွင်ထူးချွန်ဆု ရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုငွေများကိုလည်းကောင်း၊ သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြသဖြင့် သင်တန်းသား/သူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။      

 

အဆိုပါသင်တန်းကို ဇူလိုင် ၅ ရက်မှ ၁၁ ရက်အထိ သင်ကြားဖွင့်လှစ်ပေးခဲ့ကာ  စေတနာ့ ဝန်ထမ်း (၅၆) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာနှင့်ရွှေဘိုမြို့နယ်များမှ တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

မျိုးဝင်း (ပြန်/ဆက်)