စစ်ကိုင်းကောင်းမှုတော်ဘုရားကြီးအား အများပြည်သူ ဖူးမြော်နိုင်ရန် ယနေ့ စတင်ဖွင့်လှစ်

မန္တလေး ၁၅  ဇူလိုင်

 

စစ်ကိုင်း ကောင်းမှုတော်ဘုရားကြီးအား အများပြည်သူ ဖူးမြော်နိုင်ရန် ယနေ့ စတင်ဖွင့်လှစ်ကာ ဈေးသည်များကိုလည်း သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ရောင်းချခွင့်ပြုထားကြောင်း သိရသည်။

 

စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးအား သုံးလကျော်ကြာ ဖူးမြော်ခွင့် ကန့်သတ် ပိတ်ပင်ထားခဲ့ရာမှ ယနေ့ ဇူလိုင် ၁၅ ရက်မှစတင်ကာ ပြန်လည်ဖူးမြော်ခွင့် ပြုလိုက်ကြောင်း ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလွင်က ပြောသည်။

 

"နံနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ သတ်မှတ်ထားပါတယ်။ နည်းနည်း အခြေအနေ ကောင်းလာရင်တော့ အချိန် ပြောင်းပေးမှာပါ။ လူဦးရေ ကန့်သတ်မထားပါဘူး။ လမ်းညွှန်ချက်အတိုင်းတော့ လိုက်နာရမှာပါ”ဟု ဦးတင်မျိုးလွင်က ပြောသည်။

 

ကောင်းမှုတော်ဘုရားအား လာရောက်ဖူးမြော်ရာတွင် နှာခေါင်းစည်း(Mask) မတပ်သူများကို ဝင်ခွင့် ပြုမည်မဟုတ်ဘဲ လက်ဆေးခြင်း၊ အလိုအလျောက် အပူချိန်တိုင်းစက်ဖြင့် တိုင်းတာခြင်းတို့ ဆောင်ရွက်နေကြောင်းသိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်  စစ်ကိုင်းမြို့ရှိ ဘုရားစေတီများအား ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှ စတင်ကာ အများပြည်သူ လာရောက်ဖူးမြော်ခွင့် ကန့်သတ်ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

 

ဖြိုးအိ