စာသင်ခန်းထဲမှာသတိထားရမယ့် အမူအကျင့်လေးတွေ

၁ ဒီဇင်ဘာ

ဒီတစ်ပတ်မှာကလေးတို့ စာသင်ခန်းတွေထဲမှာ ရှေ့က ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုအချိန်မှာ လိုက်နာသင့်တဲ့ ကျင့်ဝတ်ကလေးတွေကို ပြောပြလိုပါတယ်။ ဒီကျင့်ဝတ်ကလေးတွေကို လေးစားလိုက်နာခဲ့မယ်ဆိုရင် ကလေးတို့ဟာ စာကိုပိုပြီး တတ်မြောက်နိုင်မှာဖြစ်သလို မွန်မွန်ရည်ရည်ရှိပြီး ယဉ်ကျေးတဲ့ကလေးတွေလို့လည်း သတ်မှတ်ခံရမှာပါ။

အာရုံမများ၊ မှတ်ထားပါ

ပထမဆုံးကတော့ စာသင်ချိန်မှာ အာရုံကိုစာထဲမှာပဲ ထည့်ထားတတ်ဖို့လိုပါတယ်။ မြန်မာဘာသာကို သင်နေ တုန်းမှာ အခြားဘာသာတွေအကြောင်း၊ ဆော့ကစားဖို့ အကြောင်း စဉ်းစားမိမယ်ဆိုရင် ကလေးတို့ဟာ ဆရာတွေ သင်တာကို သိနိုင်၊ မှတ်နိုင်မှာမဟုတ်လို့ သတိထားစေချင်ပါတယ်။

နားထောင်ရင်း မှတ်စုလိုက်ပါ

များသောအားဖြင့် ကလေးတို့ဟာ နားထောင်စဉ်မှာ မှတ်မိပေမယ့် ပြီးသွားရင် မေ့သွားတတ်ကြတယ်။ အိမ်စာ ပေးတာဖြစ်ဖြစ်၊ ဆရာမက စာကျက်ခိုင်းတာဖြစ်ဖြစ် ကလေးတို့ကို တစ်ခုခုလုပ်ဖို့ ပြောထားတယ်ဆိုတာကို မမေ့အောင်မှတ်ထားရမှာဖြစ်သလို ဆရာရှင်းပြနေစဉ်မှာလည်း ကိုယ့်မှတ်ဉာဏ်ကို အထောက်အကူဖြစ်အောင် မှတ်စုလိုက်မှတ်ကြဖို့ လိုပါတယ်။

မေးချင်တာကို ချက်ချင်းမေးရမလား

များသောအားဖြင့်တော့ ဆရာစာသင်နေတုန်းမှာ ကိုယ်မရှင်းတာ၊ ပြောစရာနဲ့ မေးစရာတွေရှိတတ်ကြပါတယ်။ ချက်ချင်းမေးတဲ့အခါ သူများတွေအတွက် အနှောက်အယှက် ဖြစ်နိုင်တာမို့ မှတ်သားထားပြီး သင်ကြားမှုပြီးတဲ့အခါ ပြန်လည်မေးမြန်းတာမျိုးကို လုပ်သင့်ပါတယ်နော်။

နားလည်သလား၊ ကိုယ့်ကိုယ်ကိုယ်ပြန်မေးပါ

ကလေးတို့ကို သင်ကြားပေးလိုက်သမျှ နားလည်မယ် ဆိုတာတော့ ဖြစ်ချင်မှဖြစ်မှာပါ။ ကိုယ်နားမလည်သေးတာ၊ ရှင်းရှင်းလင်းလင်းသဘော မပေါက်တာတွေရှိနေတာကို မသိတဲ့ကလေးတွေဟာ အသက်ကြီးလာရင်လည်း ကိုယ်ဘာလုပ်သင့်တယ်ဆိုတာကို မသိနိုင်ကြတော့တာမျိုး ရှိပါတယ်။ ဒါကြောင့် ကလေးဘဝကတည်းက သင်ကြားသမျှ နားလည်သလားဆိုတာကို ကိုယ်တိုင်သိထားဖို့ အမြဲကြိုးစားမှသာ လူတော်ကလေးတွေ ဖြစ်လာမှာပါ။

အချိန်ကို စီမံတတ်အောင်လေ့ကျင့်ပါ

စာကျက်ချိန်၊ စာရေးချိန်၊ စာဖတ်ချိန်၊ ကစားတဲ့အချိန် စသည်ဖြင့် ကလေးတို့က အချိန်တွေကို စနစ်တကျနဲ့ စီမံခန့်ခွဲတတ်ဖို့ လိုပါတယ်။ ဘယ်လောက်ကြာကြာ စာရေးရတယ်၊ အချိန်ဘယ်လောက် ကစားမိတယ်ဆိုတာကို ကလေးတို့ကိုယ်တိုင်သိထားပြီး ကိုယ်တိုင်ခွဲခြားစီမံတတ်မယ်ဆိုရင် ကလေးတို့ဟာ မိဘတွေနဲ့ ဆရာတွေရဲ့ ယုံကြည်မှု၊ လေးစားမှုကိုတောင် ရလာမှာဖြစ်ပါတယ်။ ကလေးတိုင်းဟာ ကိုယ်ဘယ်လောက် ဆော့ကစား နေမိတယ်ဆိုတာကို မသိပေမယ့် စာကို ဘယ်လောက်ကြာကြာ ကျက်ရတယ်ဆိုတာကိုတော့ သိတတ်ကြတယ်။ အမှန်က စာကျက်ချိန်နဲ့ ကစားချိန်၊ အိမ်အလုပ် ကူလုပ်ပေးချိန်နဲ့ အနားယူချိန်တွေကို ကိုယ်တိုင်ခွဲခြားပြီး လုပ်ဆောင်တတ်မယ်ဆိုရင် အကောင်းဆုံးပေါ့ကွယ်။

ယုံကြည်ရသူတွေကို ပြောပြလိုက်ပါ

ကျောင်းမှာ တစ်နေ့တာကြုံရသမျှကို အိမ်ပြန်ရောက်တဲ့အခါ မေမေ၊ ဖေဖေတို့ဖြစ်ဖြစ် ကလေးတို့က ယုံကြည်ရပြီး ကလေးတို့ကိုလည်း သိပ်ချစ်တဲ့ ဘိုးဘိုး၊ ဘွားဘွားတွေ၊ မမနဲ့ အန်တီတို့တွေကို ပြန်ပြောပြလို့ ရပါတယ်။ တစ်နေ့တာကြုံရသမျှမှာ ကောင်းတာရှိသလို ဆိုးတာလည်းရှိနိုင်တယ်လေ။ ကလေးတို့ရဲ့ သူငယ်ချင်းတွေဟာ ချစ်စရာကောင်းတဲ့သူတွေ ဖြစ်တာကို ပြောပြလို့ ရသလို အတင်းပြောတတ်တဲ့သူငယ်ချင်း၊ အနိုင်ကျင့်တတ်တဲ့ သူငယ်ချင်းမျိုး ရှိခဲ့ရင်လည်း လူကြီးတွေကို ပြောပြထားတဲ့အတွက် သူတို့ဆီက အကြံဉာဏ် တွေရနိုင်ပြီး ကလေးတို့လည်း ရှောင်ရှားနိုင်တာပေါ့နော်။ ။

မမမေ