"စာရိတ္တ"ဟု အမည်ပေးထားသော ဝေလ၏ တစ်ကိုယ်တော်ခွေသစ် ထွက်ရှိ

၂ အောက်တိုဘာ

 

 

၁၉၈၂ အမည်ဖြင့် ပထမဆုံး တေးစီးရီးခွေကို ထွက်ရှိခဲ့ပြီးနောက် မိတ်ကပ်မကြိုက်သော၊ ခုတင်နံပါတ်(၁၈)၊ မျက်နှာဖုံးများ၊ အတုများတဲ့မြို့နှင့် အဓိပတိဖွားစသည့် တေးစီးရီးများဖြင့် အောင်မြင်မှု ရရှိနေသော အဆိုတော် ဝေလသည် ယခုနောက်ပိုင်းတွင် ဂီတဖျော်ဖြေပွဲများ၊ နယ်ပွဲများကြောင့် တစ်ကိုယ်တော်ခွေနှင့် အနည်းငယ် ဝေးကွာနေရာမှ စာရိတ္တဟု အမည်ပေးထားသည့် တေးစီးရီးသစ်ကို ဖြန့်ချိတော့မည်ဖြစ်ကြောင်း သိရသည်။

 

 

ခေတ်ရဲ့ ဖြစ်ပျက်နေတဲ့ အကြောင်းအရာလေးတွေကို ကျွန်တော် စိတ်ကူးပြီး ပုံဖော်ဖန်တီးထားတာပါ၊ ကျွန်တော်အပြင် အခြားတေးရေးဆရာတွေရဲ့ တေးသီချင်းတွေကိုလည်း ဒီအခွေမှာ ထည့်ထားပါတယ်၊ ဒီအခွေက ကျွန်တော် “အတုများတဲ့မြို့ အခွေ ထွက်ခဲ့ပြီးနောက် တစ်နှစ်နဲ့ ခုနစ်လကျော်လောက်က ဖန်တီးဖြစ်ခဲ့တာပါ၊ ကျွန်တော့်ပရိသတ်နဲ့ ဝေးကွာသွားမှာကို စိုးရိမ်တာကြောင့် ထုတ်ခဲ့တာပါ၊ ဒီဘက်ခေတ်က အခွေတစ်ခွေဖြစ်ဖို့ တော်တော်ကြိုးစားရတဲ့ ခေတ်ပါပဲ ဟု စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သည့် မီဒီယာရှင်းလင်းပွဲတွင် အဆိုတော် ဝေလ က ပြောသည်။

 

 

စာရိတ္တ တေးစီးရီးတွင် တေးရေး-စောခူဆဲ၊ ဒဲရစ်မေလာ၊ ဝေလ၊ ကိုထက်နှင့် ရှမ်းကလေး တို့ ရေးသားသည့် တေးသီချင်း ၁၁ ပုဒ် ပါဝင်ကာ Bo Bo တေးထုတ်လုပ်ရေးမှ အောက်တိုဘာ ၃ ရက်တွင် စတင်ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

ကိုလင်း