စာရေးသူများ၏ ရသစာဖတ်ဝိုင်း ရာသီ(၂) ပွဲစဉ်(၃၃)အဖြစ် ဆရာမကြီး စမ်းစမ်းနွဲ့(သာယာဝတီ)၏ ဝတ္ထုတိုများဖတ်ကြား

ရန်ကုန်  ၁၅   ဒီဇင်ဘာ 

စာရေးသူများ၏ ရသစာဖတ်ဝိုင်း ရာသီ(၂) ပွဲစဉ်(၃၃)အဖြစ် ဆရာမကြီး စမ်းစမ်းနွဲ့(သာယာဝတီ)၏ ဝတ္ထုတိုများကိုဖတ်ကြားခြင်း အစီအစဉ်ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့  သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ရသစာဖတ်ဝိုင်း၏ နာယက ဆရာအောင်ဇင်မင်း က မုဒိတာ စကားပြောကြားပြီး ဆရာမမိချမ်းဝေ၊ရသစာဖတ်ဝိုင်း၏တာဝန်ခံ ဆရာ ကျော်ဇင်ကိုကို၊ ဆရာမ မနှင်းဝေငြိမ်းနှင့် ဆရာမကြီး စမ်းစမ်းနွဲ့ (သာယာဝတီ)တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။


ထို့နောက် ရသစာဖတ်ဝိုင်း၏ ရသဝတ္ထုတိုများ ဖတ်ကြားမှုကို စတင်ရာ ဆရာမ ကြီး စမ်းစမ်းနွဲ့(သာယာဝတီ)၏ ဝတ္ထုတိုများဖြစ်သော ``ဗင်ဂိုးမရေးဖူးခဲ့တဲ့ ပိတောက် ရွှေဝါ´´ဝတ္ထုကိုဆရာမတင်မိခိုင်နှင့် ဆရာနတ်တို့က လည်းကောင်း၊ ``စွန့်ပစ်ပစ္စည်း´´ ဝတ္ထုကို ဆရာမင်းအဂ္ဂ(ဆင်တဲဝ)၊ ဆရာမြတ်သွင်ဦးနှင့် ဆရာမ ရွှေရည်လင်းလက်တို့ကလည်းကောင်း၊ ``မြားပစ်သူများ´´ဝတ္ထုကို ဆရာကျော်ဇင်ကိုကို၊ ဆရာ နေမိုးညို၊ ဆရာဇေထွန်းသန်းနှင့် ဆရာမ အေးမွန်တို့က လည်းကောင်း၊ ``ရှိခိုးဦးချကန်တော့ လိုက်ပါရဲ့´´ ဝတ္ထုကို ဆရာမ အင်ကြင်းမေနှင့် ဆရာမြတ်သွင်ဦးတို့က ဖတ်ကြားကြပြီး ရသဝတ်မှုန်ကူးခြင်း အစီအစဉ်အဖြစ် တက်ရောက်လာကြသည့် စာရေးဆရာ၊ ဆရာမများနှင့် စာပေဝါသနာရှင်များ၏ ရသစာပေခံစားမှုများအပေါ် ဆရာမကြီး စမ်းစမ်းနွဲ့ (သာယာဝတီ) က ပြန်လည်ဆွေးနွေးဖြေကြားသည်။

 

ေ

 


ကဗျာဆရာ၊ စာရေးဆရာ မြေလတ်မောင်မြင့်သူက``အခုလို ရသစာဖတ်ဝိုင်းတွေ ပေါ်လာတာဟာ  နားနဲ့စာဖတ်ခြင်းပါပဲ။ နားထောင်တဲ့ စိတ်ရင့်သန်လာတာနဲ့အမျှ ဆင်ခြင်စိတ်နဲ့အတူ နားလည်မှု အသိတရားပိုပြန့်လာမှာဖြစ်တယ်။ ဒီနေရာမှာ အခုလို စာဖတ်ဝိုင်းတွေ ကျင်းပခွင့်ပေးတဲ့ အတွက် ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ် မျိုးဆက်တွေအတွက် အလင်းရောင်တစ်ခုပါပဲ´´ ဟုပြောသည်။

 

ေ

 


စာရေးသူများ၏ ရသစာဖတ်ဝိုင်းသည် စာဖတ်ခြင်းမှတဆင့် ခိုင်ကျည်သော စိတ်ဓာတ်၊ ပြုပြင်နိုင်သော ဉာဏ်ပညာ၊ စာနာနိုင်သော နှလုံးသားတို့ကို တည်ဆောက် နိုင်မည်ဟူသောယုံကြည်ချက်ဖြင့် ရသစာဖတ်ဝိုင်းများကိုကျင်းပခဲ့ရာ ပထမရာသီအဖြစ် ၂၀၁၃ ခုနှစ် သြဂုတ်လမှ ၂၀၁၆ ခုနှစ်အထိ ရသစာပေဖန်တီးသူများနှင့် ပွဲစဉ် ၅၆ ပွဲကိုလည်းကောင်း၊ ဒုတိယရာသီအဖြစ် ၂၀၁၇ ခုနှစ်ဦးမှ ယနေ့ အထိပွဲစဉ် ၃၃ ပွဲကိုလည်းကောင်း ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး