စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ ၂၀၁၉ "သဘင်နှင့် ရုပ်ရှင်ဆိုင်ရာ စကားဝိုင်း" ကျင်းပ

ရန်ကုန် ၃၀ သြဂုတ်

စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ ၂၀၁၉ ``သဘင်နှင့် ရုပ်ရှင်ဆိုင်ရာ စကားဝိုင်း´´ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)ရှိ မင်္ဂလာခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမျိုးသက် နှင့် မြန်မာနိုင်ငံ အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MIPPA) ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း တို့က အဖွင့်အမှာစကား ပြောကြားကြသည်။

ထို့နောက် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ ၂၀၁၉ နှင့်စပ်လျဉ်း၍ သဘင်ဆိုင်ရာ စကားဝိုင်းကို ကျင်းပရာ Moderator အဖြစ် မြန်မာနိုင်ငံ သဘင်းအစည်းအရုံး ပြန်ကြားရေးမှူး ဒေါ်ပတ္တမြားကေခိုင်က ဆောင်ရွက်ပြီး မြန်မာပြည်ကျောက်စိမ်း၊ ဟန်ဇာမိုးဝင်း၊ ဦးနွယ်ဦးတို့က စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေနှင့် ပတ်သက်၍ ဥပဒေပိုင်းဆိုင်ရာ အကြောင်းအရာများ၊ အားသာချက်၊ အားနည်းချက်များ၊ မြန်မာ့ သဘင်လောကတွင် လက်ရှိကြုံတွေ့နေရသော အဖြစ်အပျက်များနှင့် အခက်အခဲများအကြောင်းကို ဆွေးနွေးပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။

မြန်မာနိုင်ငံ သဘင်းအစည်းအရုံး ပြန်ကြားရေးမှူး ဒေါ်ပတ္တမြားကေခိုင်က ``အနုပညာဆို တာတန်ဖိုးဖြတ်လို့မရနိုင်တဲ့အတွက် မူပိုင်ခွင့်က အလွန်အရေးကြီးပါတယ်။ ကျွန်မတို့အနေနဲ့ ဒီဥပဒေ နဲ့ပတ်သက်ပြီး အဆင်ပြေလိုက်လျောညီအောင်နေဖို့အတွက်ကတော့ ပြင်ဆင်ချိန်တွေ၊ တစ်ယောက်နဲ့ တစ်ယောက်ညှိနှိုင်းတာတွေ အများကြီးလိုအပ်ပါသေးတယ်။ သဘင်အသိုင်းအဝိုင်းအနေနဲ့ကတော့ ပြင်ဆင်ရပါဦးမယ်။ အဲဒီလိုပဲ ဒီဥပဒေနဲ့ပတ်သက်ရင် ကဏ္ဍ အသီးသီးမှာလည်း အဲဒီလိုပဲ ပြင်ဆင်ဖို့လို အပ်ဦးမယ်လို့ထင်ပါတယ်´´ဟုပြောသည်။

မွန်းလွဲပိုင်းတွင် ရုပ်ရှင်ဆိုင်ရာ စကားဝိုင်းကို ဆက်လက်ကျင်းပရာ Moderator အဖြစ် ဦးအောင်စိုးဦးက ဆောင်ရွက်ပြီး ဒေါ်ဆွေဇင်ထိုက်၊ ဦးဝင်းခိုင်၊ ဦးဝဏ္ဏကျော်(Mahar Mobile)၊ Angle Lamung တို့က မူပိုင်ခွင့်ဥပဒေနှင့် ပတ်သက်၍ မြန်မာ့ရုပ်ရှင်လောကတွင် လက်ရှိကြုံတွေ့နေရသည့် အဖြစ်အပျက်များ၊ အားသာချက်၊ အားနည်းချက်များ၊ ဥပဒေဆိုင်ရာအကြောင်းအရာများနှင့် ရိုက်ကူး၊ ထုတ်လုပ်သူတို့၏ ကြုံတွေ့နေရသော အခက်အခဲများ အကြောင်းကိုဆွေးနွေးပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။

မြန်မာနိုင်ငံ အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MIPPA) ဒုတိယ ဥက္ကဋ္ဌ ဒေါ်ဆွေဇင်ထိုက်က ``ကိုယ်ပိုင်ဖန်တီးမှုဆိုတဲ့ခေါင်းစဉ်ရဲ့အောက်ထဲမှာ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ ပန်းချီ၊ ပန်းပု၊ စသဖြင့်အမျိုးစုံရှိပါတယ်။ အဲဒါတွေကို အကာအကွယ်ပေးဖို့အတွက်က လိုပါတယ်။ အကာအကွယ်ပေးနိုင်တာရှိမှလည်း နိုင်ငံတကာနဲ့ပူးပေါင်းလုပ်ဆောင်တဲ့နေရာမှာ သူတို့ဘက်ကလည်း ယုံကြည်မှုရှိမှာဖြစ်ပါတယ်။ ဒါဟာကျွန်မတို့နိုင်ငံအတွက် နိုင်ငံတကာ ပလက်ဖောင်းပေါ် ကိုတက်ဖို့အတွက် ပိုပြီးတော့ အားရှိသွားမှာဖြစ်ပါတယ်´´ဟုပြောသည်။

စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ ၂၀၁၉ ကို ယခုနှစ်အတွင်း အတည်ပြုပြဌာန်းနိုင်ခဲ့သဖြင့် နည်းဥပဒေကို ဆက်လက် ရေးဆွဲ ပြဌာန်းနိုင်ရန်၊ ရုပ်ရှင်၊ သဘင်နှင့် အနုပညာနယ်ပယ်အသီးသီးရှိ လောကသားများအနေဖြင့် ယင်းဥပဒေနှင့်ပတ်သက်၍ အားသာချက်၊ အားနည်းချက်များကို ကျယ်ကျယ်ပြန့်ပြန့်နားလည် သိရှိလာစေရန် ရည်ရွယ်ကာ အဆိုပါစကားဝိုင်းကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ စကားဝိုင်းသို့ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံးနှင့် ညီနောင်အသင်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သဘင်နှင့် ရုပ်ရှင်ဆိုင်ရာ အသိုင်းအဝိုင်းမှ ထုတ်လုပ်သူများ၊ ဒါရိုက်တာများ၊ တီထွင်ဖန်တီးသူ အနုပညာရှင်များ၊ ဥပဒေပညာရှင်များနှင့် စိတ်ပါဝင်စားသူများတက်ရောက်ကြသည်။

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး