စားနပ်ရိက္ခာထုတ်လုပ်ရာတွင် ဖူလုံရေးသာမက ဘေးကင်းရေးအတွက်ပါ အလေးထားစေချင်

၁၆  အောက်တိုဘာ

လွန်ခဲ့သော နှစ်ပေါင်း ၂၀ဝ စွန်းစွန်းက ကမ္ဘာ့လူဦးရေမှာ သန်း ၁၀ဝ၀ (တစ်ဘီလီယံ)သာရှိသည်။ နောက်ထပ် သန်း ၁၀ဝ၀ တိုးရန် နှစ်ပေါင်း ၁၂၀ ကျော်ကျော် ကြာသည်။ ကြားကာလမှာ ကမ္ဘာစစ်ကြီး တစ်ကြိမ်ဖြစ်ခဲ့သည်။ ယင်းမှ နောက်ထပ် သန်း ၁၀ဝ၀ ထပ်ထိုး၇န် ၃၃ နှစ်မျှသာကြာတော့သည်။ ကြားကာလမှ ဒုတိယကမ္ဘာစစ်ကြီးကြောင့် လူသန်းနှင့်ချီ၍ ပျက်စီးဆုံးရှုံးခဲ့သေးသည်။ ၁၉၆၀ ပြည့်လွန်နှစ်များမှစ၍ နောက်ထပ်သန်း ၁၀ဝ၀ စီ ထပ်ကာတပ်ကာတိုးအောင်ဆယ်စုနှစ် တစ်ခုကျော်ကျော်သာ ကြာတော့သည်။ လက်ရှိမှာတော့ ကမ္ဘာ့လူဦးရေမှာ သန်းပေါင်း ၇၇၀ဝ ကျော်ခဲ့ပြီ။

ကမ္ဘာ့လူဦးရေမျာ လျင်မြန်စွာတိုး၍ တိုး၍နေသော်လည်း မတိုးသည်မှာ စိုက်ပျိုးမြေ၊ မွေးမြူမြေများ ဖြစ်သည်။ တစ်နည်းအားဖြင့် စားနပ်ရိက္ခာထုတ်လုပ်ရန်အတွက် မြေအကျယ်အဝန်းမှာ တိုးမလာနိုင်၊ တိုးလာသည့် လူဦးရေအတွက် မြေကို အခြားနည်းဖြင့် သုံးစရာတွေကလည်း များလာနေသည်။ သို့ဖြစ်သည့်အလျောက် စိုက်ပျိုးရေး၊ မွေးမြူရေးတို့တွင် သမားရိုးကျ စိုက်ပျိုးမွေးမမြူမှုများမှ နည်းပညာအသုံးပြုစိုက်ပျိုးမွေးမြူမှုများ ပြုလုပ်လာရသည်။ စိုက်ပျိုးမွေးထုတ်ရန် အသုံးပြုစိုက်ပျိုးမွေးမြူမှုများ ပြုလုပ်လာရသည်။ စိုက်မွေးထုတ်ကုန်များကို အဆများစွာ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလာရသည်။

စိုက်ပျိုးထားသည့် သီးနှံများ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ ပိုးမွှားကျရောက်ခြင်းမှ ကာကွယ်ရန် ပိုးသတ်ဆေးများ၊ စိုက်ခင်းများအတွင်း ပေါင်းမြက်များ၊ ပေါက်ရောက်ရှင်သန်ခြင်းကို နှိပ်နင်းရန် ပေါင်းသတ်ဆေးများ၊ သစ်သီးသစ်ပင်များ ရှင်သန်ကြီးထွားစေရန် ဓာတ်မြေသြဇာများ၊ သစ်သီးဝလံများ၊ အဆင်းအရောက်လှပရေးအတွက် ဓာတုဆေးဝါးအမျိုးမျိုး စသည်တို့ကို သုံးစွဲကြသည်။ မွေးမြူရေးဘက်တွင်လည်း အသားတိုးဟော်မုန်းဆေးများ၊ ရောဂါကာကွယ်ဆေးများ၊ အသင့်ဖော်စပ်ထားသည့် မွေးမြူရေးအစားအစာများကျွေးကာ အသား၊ နို့၊ ဥ များ စသည်တို့ကို ထုတ်လုပ်ကြသည်။ ဓာတုပစ္စည်များနှင့် နည်းလမ်းအမျိုးမျိုးသုံးစွဲပတ်သက်ဆက်နွယ် ထုတ်လုပ်ထားသည့် စိုက်ပျိုးမွေးမြူထုတ်လုပ်အစားအစာများက စားနပ်ရိက္ခာဖူလုံရေးအတွက် ရည်ရွယ်သော်လည်း ရေရှည်တွင် လူသားတို့၏ ကျန်းမာရေး၊ အသက်ရှင်ရပ်တည်ရေးတို့ကို တစ်နည်းတစ်ဖုံ ထိခိုက်စေသည်ကိုလည်း တွေ့ရှိကြရသည်။

အသားတိုးဟော်မုန်းနှင့် ရောဂါကာကွယ်ဆေးများ ထိုးနှံထုတ်လုပ်ထားသည့် အသားနှင့် မွေးမြူရေးထွက် အစားအစာများကို တာရှည်စားသုံးသူများတွင် ပုံမှန်မဟုတ်သည့် ပဋိဇီဝ ခုခံတွန်းလှန်မှုများ မြင့်မားလာကာ အစားအစာကြောင့်ဖြစ်သည့် ရောဂါများကို ခံစားလာကြရသည်ဟု ဆိုသည်။ ဟင်းသီးဟင်းရွက်၊ သီးနှံများတွင် သုံးစွဲသည့် ပိုးသတ်ဆေးဓာတ်ကြွင်းများ၊ ဆန်၊ ပဲအမျိုးမျိုးတို့ သိုလှောင်ရာတွင် သုံးစွဲသည့် ပိုးသတ်ဆေးများ၊ သားငါးများ၊ သိုလှောင်သယ်ယူပို့ဆောင်ရာတွင် တရားမဝင်ဓာတုပစ္စည်းများ သုံးစွဲခြင်းများ စသည်တို့က နောက်ဆုံးတွင် စားသုံးသူများ၏ ကျန်းမာရေးကို အန္တရာယ်ပြုလာခြင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် စိုက်ပျိုးရေးနှင့် အခြားလုပ်ငန်းများအတွက် နှစ်စဉ်ပိုးသတ်ဆေးတန်ချိန် ငါးသန်းကျော် နှစ်စဉ်ထုတ်လုပ်လျက်ရှိရာ ယင်းမှ ထွက်ပေါ်လာမည့် ဓာတ်ကြွင်းများ၏ အန္တရာယ်ကို ခန့်မှန်းကြည်နိုင်မည် ဖြစ်သည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး၏ စစ်တမ်းအရ ကမ္ဘာ့လူဦးရေ ၂၅ သန်းခန့်မှာ ပိုးသတ်ဆေးအဆိပ်သင့် ခံကြရပြီး နှစ်စဉ် လူ ၂၀ဝ၀ဝ ကျော်မှာ ပိုးသတ်ဆေးအဆိပ်သင့်မှုကြောင့် သေဆုံးနေကြရသည်ဟု ဆိုသည်။ မိမိတို့နိုင်ငံတွင်လည်း ပိုးသတ်ဆေးကြောင့် လူသေဆုံးရမှုများကို မကြာခဏဆိုသလို တွေ့မြင်နေကြရပြီး နှစ်စဉ် လူရာနှင့်ချီ၍ သေဆုံးကြရသည်ဟူ၍ မီဒီယာများက ဖော်ပြခဲ့ကြသည်။

စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးများ၊ ဓာတ်မြေသြဇာများမှ အပင်များအတွက် လိုအပ်ချက်အရ သုံးစွဲကြရသော်လည်း တစ်ဖက်တွင် လူနှင့်သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့်အတွက် စနစ်တကျ ဆင်ခြင်သုံးစွဲကြရသည်သာ ဖြစ်သည်။ တစ်ဖက်တွင်လည်း အစားအစာကြောင့် လူနှင့်ပတ်ဝန်းကျင်တို့ကို မထိခိုက်စေရေးအတွက် GAP ခေါ် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို ကျင့်သုံးခြင်း၊ အော်ဂဲနစ်စိုက်ပျိုးရေး စနစ်တို့ဖြင့် စိုက်ပျိုးခြင်းတို့ဆီသို့ ဦးလှည့်လာခဲ့ကြပြီ ဖြစ်သည်။ GAP စနစ်တို့ဖြင့် စိုက်ပျိုးထုတ်လုပ်ထားသည့် စိုက်ပျိုးရေးထုတ်ကုန်များ၊ အော်ဂဲနစ် သီးနှံများ စသည်တို့မှာ ဈေးကောင်းရသည့် သီးသန့်ဈေးကွက်များ ဖြစ်ပေါ်လာသည့်အလျောက် ယင်းနစ်များဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ကြိုးပမ်းကြဖို့ လိုအပ်နေပြီ ဖြစ်သည်။

ရေရှည်တွင် ပြည်ပဈေးကွက်များတွင်သာမက ပြည်တွင်း၌ပါ ဓာတုကင်းလွတ်သည့် စိုက်ပျိုးမွေးမြူ ထုတ်ကုန်များကို ပိုမိုတောင်းဆိုလာမည့် အခြေအနေများ ဖြစ်ပေါ်လာမည်မှာ သေချာသည့်အလျောက် စားနပ်ရိက္ခာထုတ်လုပ်ကြရာတွင် ဖူလုံရေးအတွက်သာမက ဘေးကင်းစိတ်ချရေးအတွက်ပါ အလေးထားကြရန် တိုက်တွန်းအပ်ပါကြောင်း။

မြန်မာ့အလင်း