ဗန်ကောက်မြို့တွင် လေထုညစ်ညမ်းမှုကျန်းမာရေးထိခိုက်စေသည့် အဆင့်ထိ ရောက်ရှိ

ဗန်ကောက် ၃၀  စက်တင်ဘာ

ဗန်ကောက်မြို့၏ အဓိကနေရာ ၁၅ ခုတွင် လေထုညစ်ညမ်းမှုအဆင့်သည် ကျန်းမာရေးထိခိုက်စေသည့် အဆင့် ရောက်ရှိနေပြီး မြင်ကွင်းမရှင်းလင်း မှုကိုဖြစ်စေသည့် လေထုအတွင်း အမှုန်အမွှားပါဝင်မှုသည် PM 2.5 ထက်နည်းပါးခဲ့ကြောင်း လေထု ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာန(PCD) က ယနေ့ထုတ်ပြန်သည်။

ဗန်ကောက်မြို့ရှိ လေထုအတွင်း တစ်ကုဗမီတာတွင် အမှုန်အမွှားပမာဏ ၄၂ မှ ၆၆ မိုက်ခရိုဂရမ်အထိ တွေ့ရှိ ရကြောင်း၊ အန္တရာယ်ကင်းသည့် အဆင့် ၅၀ မိုက်ခရိုဂရမ်ထက် ကျော်လွန်နေကြောင်း၊ ကျန်းမာရေးထိခိုက်စေသည့် အဆင့်မှာ ၅၃ မှ ၆၆ မိုက်ခရိုဂရမ် ဖြစ်ကြောင်း ယင်းလေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနက ပြောသည်။

ဝန်ကြီးချုပ် ပရာယုချန်အိုချာက အမှုန်အမွှားများကို ထိန်းချုပ်ရေး ဆောင်ရွက်ရန်အတွက် အစိုးရဌာနများကို ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ လေထုထဲသို့ အမှုန်အမွှားထုတ်လွှင့်မှုကို လျှော့ချရေး ပူးပေါင်းဆောင်ရွက်ရန် ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် စက်ရုံများကို ပြောကြားထားကြောင်းနှင့် ဗန်ကောက်မြို့သူ မြို့သား များအနေဖြင့် အိမ်အပြင်ထွက်ပါက မျက်နှာဖုံးတပ်ဆင်ကြရန် ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် တနင်္လာနေ့ က ရေးသားခဲ့သည်။

ဗန်ကောက်မြို့သူ မြို့သားများသည် တနင်္လာနေ့က အိပ်ရာမှ နိုးထချိန်တွင် အဓိကစီးပွားရေး လုပ်ငန်းများနှင့် ဈေးဝယ်စင်တာများ ရှိရာ ခရိုင်များတွင် ဖုန်လုံးကြီးများ ကို တွေ့မြင်ခဲ့ကြကြောင်း သိရသည်။


ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ဇော်လင်း