ဗန်ဒီဘတ် မန်ယူတွင် မပျော်ရွှင်ဟု ဆိုးလ်ရှား ဝန်ခံ

၂၄ ဇန်နဝါရီ

 

 

ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းက ခေါ်ယူခဲ့တဲ့ နယ်သာလန်လက်ရွေးစင် ဒွန်နီဗန်ဒီဘတ်က   ပွဲထွက်ကစားချိန် နည်းပါးတာကြောင့် မန်ယူမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ဝန်ခံပြောကြားလိုက်ပါတယ်။

 

 

ကျွန်တော်အနေနဲ့ ဒွန်နီ (ဗန်ဒီဘတ်) မန်ယူမှာ ပျော်နေတယ်လို့ မပြောနိုင်ပါဘူး။ ဒါပေမယ့် သူက ကစားခွင့်ရတဲ့အချိန်တိုင်း သူ ကစားခိုင်းတဲ့နေရာမှာ အကောင်းဆုံး ကစားနိုင်တာချည်းပါပဲလို့ ဆိုးလ်ရှားက ပြောပါတယ်။ 

 

 

ဗန်ဒီဘတ်က ပြီးခဲ့တဲ့နွေဈေးကွက်အတွင်းက အေဂျက်စ်ကနေ မန်ယူအသင်းဆီ ပြောင်းရွှေ့လာပြီး ယခုနှစ်ရာသီ မန်ယူအတွက် (၂၁)ပွဲဝင်ရောက်ကစားခွင့် ရရှိခဲ့ပေမယ့်  ပရီမီယာလိဂ်ပွဲစဉ်မှာ (၁၀)ပွဲ ဝင်ရောက်ကစားခွင့်ရခဲ့ပြီး အဲဒီထဲက နှစ်ပွဲသာ ပွဲထွက်ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

 

 

မန်ယူအသင်းက လတ်တလော ပရီမီယာလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဆိုးလ်ရှားက မန်ယူကွင်းလယ်မှာ ဖရက်ဒ်၊ ပေါ့ဘာ၊ ဖရူနိုဖာနန်ဒက်စ်၊ စကော့မက်တိုမီနေးတို့ကို အဓိကအထိုင်ချပြီး အသုံးပြုနေတာ ဖြစ်ပါတယ်။

 

 

နည်းပြကြီး ဖာဂူဆန်လက်ထက်မှာ ကျွန်တော့်ကို သူက ပွဲထွက်ခွင့်မပေးပေမယ့် ကျွန်တော် သူ့အပေါ် နားလည်ခဲ့ပါတယ်။ ကစားကွက်ပြောင်းဖို့ လိုအပ်လာတဲ့အချိန် အသင်း အကျပ်အတည်း တွေ့နေတဲ့အချိန် သူက ကျွန်တော့်ကို လူစားဝင်ကစားခိုင်းတယ်။ ဘာပဲဖြစ်ဖြစ် အသင်းက အမြဲအနိုင်ရဖို့ပဲ လိုတာလေ။ ဒွန်နီက ကျွန်တော့်လို ပုံစံရှိတဲ့ ကစားသမားပါဆိုးလ်ရှားက ပြောပါတယ်။

 

 

ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ အက်ဖ်အေဖလား ပွဲစဉ်တစ်ရပ်အဖြစ် ယနေ့  လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အဲဒီပွဲစဉ်မှာ ဗန်ဒီဘတ်ကို ပွဲထွက်ကစားခွင့်ပေးမှာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း သူဟာ မန်ယူအသင်းမှာ အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိတယ်ဆိုတာ သဘောပေါက်ကြောင်း ပြောကြားသွားပါတယ်။

 

 

မေလဲ့သင်း