ဗလင်စီယာမှ ရိုဒရီဂိုကို တန်းတက်လိဒ်စ် စာချုပ်ခေါ်ယူ

၃၁  ဩဂုတ်

တန်းတက်လိဒ်စ်ယူနိုက်တက်အသင်းသည် စပိန်ကလပ်ဗလင်စီယာအသင်းထံမှ စပိန်တိုက်စစ်ကစားသမား ရိုဒရီဂိုကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်း (ယူရို ၂၉ သန်း) ဖြင့် စာချုပ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၂၉ နှစ်အရွယ်ရှိ ရိုဒရီဂိုသည် နည်းပြ မာဆယ်လိုဘီယဲဆာ၏ လိဒ်စ်အသင်းနှင့် လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ လိဒ်စ်အသင်းသည် ကစားသမားဝယ်ယူရာ၌ ယခင်စံချိန် တင်ထားသည့် ကစားသမားမှာ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ရီယို ဖာဒီနန်ဖြစ်ပြီး ၎င်းကို ၂၀၀၀ ပြည့်နှစ်တွင် ဝက်စ်ဟမ်းအသင်းထံမှ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်းဖြင့် ခေါ်ယူခဲ့သည်။ ဖာဒီနန်သည် လိဒ်စ်အသင်းတွင် နှစ်ရာသီကြာကစားခဲ့ပြီး ပြိုင်ပွဲအရပ်ရပ် ၄၁ ပွဲ ပါဝင် ကစားခဲ့ပြီးနောက် ၂၀၀၂ ခုနှစ်တွင် မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်သည်။

လိဒ်စ်အသင်းသည် ပရီမီယာလိဂ်နှင့် ၁၆ နှစ်ကြာ ဝေးကွာပြီးနောက် ယခုနှစ်တွင်မှ ပရီမီယာလိဂ်သို့ တစ်ကျော့ပြန် တန်းတက်ခွင့်ရရှိခဲ့သည့် အသင်းဖြစ်သည်။ ဘရာဇီးနွယ်ဖွား ရိုဒရီဂိုသည် စပိန်အသင်းနှင့် ၎င်း၏ ပွဲဦးထွက်ကို ၂၀၁၄ ခုနှစ်တွင် ကစားခဲ့ပြီး စပိန်အသင်းအတွက် ၂၂ ပွဲတွင် ရှစ်ဂိုးသွင်းယူပေးထားသည်။ ထို့အပြင် ရိုဒရီဂိုသည် ဗလင်စီယာအသင်း၌ ကစားခဲ့စဉ်အတွင်း ပြိုင်ပွဲစုံ ပွဲ ၂ဝ ကစားထားကာ ၅၉ ဂိုး သွင်းယူပေးထား နိုင်ပြီး ဗလင်စီယာအသင်းအား ၂၀၁၈-၁၉ခုနှစ်တွင် ကိုပါဒယ်ရေးဖလားကို ရရှိအောင် ကူညီထောက်ပံ့ ပေးထားသည်။

လိဒ်စ်အသင်းသည် ရိုဒရီဂိုအပြင် ဂျာမန်ကလပ် ဖရိုင်းဘတ်အသင်းမှ အသက် ၂၄ နှစ်အရွယ်ရှိ ဂျာမန်ခံစစ်ကစားသမား ရော်ဘင်ကော့ချ်ကို ခေါ်ယူ ထားပြီးဖြစ်သည်။ သို့သော်လည်း အဆိုပါကစားသမား၏ ပြောင်းရွှေ့ကြေး ကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။ ကော့ချ်သည် လိဒ်စ်အသင်းနှင့် လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုကြောင်း သိရသည်။ ၎င်းသည် ဖရိုင်း ဘတ်အသင်းတွင် သုံးရာသီကြာ ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၈၇ ပွဲကစားထားကာ ငါးဂိုးသွင်းယူပေးထားနိုင်သည်။ ထို့အပြင် ၎င်းသည် ပြီးခဲ့သည့်ရာသီတွင် ဖရိုင်းဘတ်အသင်းကို ရာသီပိတ်သိမ်းချိန်၌ အဆင့် (၈)နေရာတွင် ရပ်တည် နိုင်အောင် ကူညီပေးနိုင်သူဖြစ်သည်။

၎င်းသည် ဂျာမနီအသင်းအတွက် နှစ်ပွဲသာပါဝင်ကစားထားရသေးသည်။ သို့သော်လည်း လာမည့် သီတင်းပတ်တွင် ယှဉ်ပြိုင်ကစားမည့် နေးရှင်းလိဂ် ပြိုင်ပွဲအဖြစ် စပိန်၊ ဆွစ်ဇာလန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်အတွက် ဂျာမနီအသင်း၏ ကစားသမားစာရင်းတွင် ထည့်သွင်းရွေးချယ်ခြင်း ခံထားရသည်။

လိဒ်စ်အသင်းသည် လာမည့် စက်တင်ဘာ ၁၂ ရက်တွင် ပရီမီယာလိဂ် အဖွင့်ပွဲစဉ်အဖြစ် ပရီမီယာလိဂ် ချန်ပီယံ လီဗာပူးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ လိဒ်စ်အသင်းသည် ထိုပွဲစဉ်ပြီးလျှင် စက်တင်ဘာ ၂၀ ရက် နှင့် ၂၉ ရက်တို့တွင် ချယ်ဆီး၊ အာဆင်နယ်စသည့် နာမည်ကြီးအသင်းများနှင့် ဆက်တိုက် ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်ကြောင်း သိရသည်။

အောင်ဇော်