ဗိုင်းရပ်စ်ပိုး ကူးစက်မှု တားမြစ်ချက်ကို ဖောက်ဖျက်ခဲ့ရင် ဒဏ်ကြေး စတာလင်ပေါင် ၁၀,၀၀၀ အထိ ချမှတ်သွားမယ်

၂၀ စက်တင်ဘာ

 

 

အင်္ဂလန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရေးအတွက် တားမြစ်ချက်ကို ဖောက်ဖျက်ခဲ့ရင် ဒဏ်ကြေး စတာလင်ပေါင် ၁၀,၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၃,၀၀၀) အထိ ချမှတ်သွားမယ်လို့ စနေနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

 

ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု ဒုတိယလှိုင်း မြင်နေရပြီလို့ ပြောဆိုပြီး အင်္ဂလန်ရဲ့ အနောက်မြောက်၊ မြောက်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ နေထိုင်တဲ့ သန်းချီတဲ့ လူတွေကို ကန့်သတ်မှုတွေအောက်မှာ နေထိုင်ဖို့ တားမြစ်ခဲ့ပြီး ဖြစ်ပါတယ်။

 

 

စနေနေ့က ထုတ်ပြန်ကြေညာချက်မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူနဲ့ ပိုးတွေ့လူနာနဲ့ ဆက်စပ်သူတွေအား သီးသန့်စောင့်ကြည့်မှုအောက်မှာ နေထိုင်မှု မလုပ်ခဲ့ရင် ဒဏ်ကြေးငွေအဖြစ် စတာလင်ပေါင် ၁,၀၀၀ ကနေ ပေါင် ၁၀,၀၀၀ အထိ တိုးမြှင့် သွားမယ်လို့ ဆိုပါတယ်။

 

 

လက်ရှိ စည်းမျဉ်းအရ ဗိုင်းရပ်စ် ရောဂါပိုး လက္ခဏာရှိသူ သို့မဟုတ် ပိုးတွေ့ရှိသူကို ကိုယ့်အစီအစဉ်နဲ့ ကိုယ် သီးသန့် ၁၀ ရက် နေထိုင်ရန် ဒါပေမယ့် ပိုးတွေ့ရှိသူ သို့မဟုတ် ရောဂါလက္ခာရှိသူဟာ တစ်ခြားသူတွေနဲ့ အတူနေထိုင်သူ ဖြစ်ခဲ့မယ်ဆိုရင် သီးသန့် ၁၄ ရက် နေထိုင်ရန် ဖြစ်ပါတယ်။

 

 

ပိုးတွေ့ရှိသူဟာ လုပ်အားခနည်းပါးတဲ့ လုပ်သားဖြစ်ခဲ့မယ်ဆိုရင် အလုပ်မလုပ်ဘဲ အိမ်မှာ နေရမှာဖြစ်တဲ့ အတွက် အပိုဆောင်းငွေ စတာလင်ပေါင် ၅၀၀ ကို ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

 

 

လန်ဒန်မြို့မှာ ကာကွယ်ဆေးနဲ့ အသွားအလာ ကန့်သတ်တားမြစ်မှု (lockdown)ကို ဆန့်ကျင်သူတွေနဲ့ ရဲတွေ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြသူ ၃၂ ဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

 

 

ဗြိတိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၃၉၀,၃၅၈ ဦးထဲမှ သေဆုံးသူ ၄၁,၇၅၉ ဦးရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP