ဗိုလ်ချုပ်အောင်ဆန်း


 

(၁၉၁၅ − ၁၉၄၇)

မြန်မာ့လွတ်လပ်ရေးကို နောက်ဆုံး ဦးဆောင်အရယူပေးခဲ့သည့် လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီးအဖြစ် မော်ကွန်း ထိုးခံရသည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ(တကသ)ဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသ)ဥက္ကဋ္ဌ၊ တို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး၊ ဗမာ့ထွက်ရပ်ဂိုဏ်း အထွေထွေ အတွင်းရေးမှူး၊ ဂျပန် စစ်ပညာသင် ရဲဘော်သုံးကျိပ်ခေါင်းဆောင်၊ ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ)၊ ဗမာ့ကာကွယ်ရေး တပ်မတော်(ဘီဒီအေ) စစ်သေနာပတိ၊ စစ်ဝန်ကြီး၊ ဖက်ဆစ်ဂျပန် တော်လှန်ရေး စစ်ရေးခေါင်းဆောင်၊ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ချုပ်(ဖဆပလ)ဥက္ကဋ္ဌ၊ ဘုရင်ခံ၏ အလုပ် အမှုဆောင်ကောင်စီ ဒုတိယဥက္ကဋ္ဌ (ကြားဖြတ်အစိုးရအဖွဲ့ ခေါင်းဆောင်)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံ့ခေါင်းဆောင် အဖြစ် ပြည်မနှင့်တောင်တန်း တညီတညွတ်တည်း လွတ်လပ်ရေး ယူမည့် သမိုင်းဝင် “ပင်လုံစာချုပ်”၊ မြန်မာ့လွတ်လပ်ရေး၏ အခြေခံ အုတ်မြစ် “အောင်ဆန်း − အက်တလီ စာချုပ်”တို့ကို ဦးဆောင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်း သမိုင်းပါမောက္ခ ဂျီ၊ အိပ်ခ်ျလူ့စ်က “မြန်မာ့သမိုင်းတွင် ကျန်စစ်သား နောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို လက်နက်အင်အား မပါဘဲ ပထမဆုံး စွမ်းဆောင်ပေးခဲ့သူ”ဟု ဗိုလ်မှူးဘရှင်၏ “မြန်မာနိုင်ငံတော်သမိုင်း” (၁၉၄၈)အမှာ၌ မှတ်တမ်းတင်ခဲ့သည်။ လွတ်လပ်ရေးအတွက် တစ်ခုတည်းသောစိတ်ဖြင့် ကိုယ်ကျိုးစွန့် ကြိုးပမ်းခဲ့သော်လည်း စစ်ပြီးစ ခေတ်ပြိုင် စီနီယာ နိုင်ငံရေး သမားတစ်ဦး၏ “ဂျပန်အဝင် လူသတ်မှုတစ်ခုကို ကိုယ်တိုင် ကျူးလွန်ခဲ့သူ”ဟု လူသိရှင်ကြား စွပ်စွဲခံရသည်။ ထိုစွပ်စွဲချက်ကို “ကျွန်ုပ်၏ လိပ်ပြာကား လုံးဝသန့်ရှင်းလျက်ရှိသည်။ ကျွန်ုပ်၏ လိပ်ပြာတည်းဟူသော ကိုယ်စောင့်နတ်ရှေ့တွင် ကျွန်ုပ်သည် အမြဲအားဖြင့် စေ့စေ့ကြည့်ကာ တည့်တည့်ဖြေဆိုနိုင်သည်။ ကျွန်ုပ်တို့အား ပုတ်ခတ်စွပ်စွဲသူများသည် မိမိတို့၏လိပ်ပြာ ကိုယ်စောင့်နတ် တရားခုံတွင် ရှေးဦးစွာ မိမိတို့ကိုယ်ကို မိမိတို့ အစစ်ဆေးခံပြီးမှ သူတစ်ပါးတို့အား စွပ်စွဲကြရန် အကြံပေးလိုသည်” ဟူသော ကိုယ်တိုင်ဖြေရှင်းချက်ကို ၁၉၄၆ ခု၊ ဧပြီလ ၁၂ ရက် သတင်းစုံဂျာနယ်၌ မှတ်တမ်းတင်ထားသည်။ ထိုသို့ လွတ်လပ်ရေး ရအံ့ဆဲဆဲ ပန်းတိုင် အဝင် နိုင်ငံ့တာဝန် ထမ်းဆောင်နေစဉ် မသမာသူ အကြမ်းဖက်လူတစ်စု၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်။ ဤကြေကွဲဖွယ် ဖြစ်ရပ်ကြီးကို တို့ဗမာအစည်းအရုံးနာယက ဆရာကြီး သခင်ကိုယ်တော်မှိုင်းက… အာဇာနည် ဗိမာန် ပုထိုးကိုဖြင့် ပါရမီ အဓိဋ္ဌာန်တစ်မျိုးရယ်နှင့် ရှိခိုးကာ ဆရာ ကန်တော့ချင်ပါရဲ့ … ဟု ဖွဲ့ဆိုခဲ့ပါသည်။