၂၆ စက်တင်ဘာ
အသက်ငါးနှစ်အရွယ် ကြွက် မာဂါဝါဟာ ကမ်ဘောဒီးယားနိုင်ငံ မြောက်ပိုင်းရှိ ဆီယမ်ရပ်မှာ အခြေစိုက်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင်းက မြေမြုပ်မိုင်း ၃၉ ခုနဲ့ မပေါက်ကွဲတဲ့ လက်နက်ပစ္စည်း ၂၈ ခုကို ရှာဖွေဖော်ထုတ်ပေးခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်ပေးနိုင်ခဲ့တဲ့အတွက် ကြွက် မာဂါဝါဟာ ကမ္ဘာမှာ မထင်မှတ်ထားတဲ့ အသက်ကယ်တင်သူ ဖြစ်လာပါတယ်။
အဲဒီလို လူသားတွေရဲ့အသက်ကို ကယ်တင်ပေးနိုင်တဲ့ ကြွက် မာဂါဝါကို ဗြိတိန် တိရစ္ဆာန်ဆိုင်ရာဆုပေးတဲ့ ပရဟိတအဖွဲ့ PDSA က ရွှေတံဆိပ် ချီးမြှင့်လိုက်ပါတယ်။
မာဂါဝါလို့ အမည်ပေးထား ကြွက်ဟာ အာဖရိကမျိုးနွယ်ဖြစ်ပြီး အနံ့ခံတတ်အောင် ဘယ်လ်ဂျီယံပရဟိတအသင်း APOPO က လေ့ကျင့်ပေးခဲ့တာလို့ သိရပါတယ်။
ဆုပေးတဲ့ PDSA အဖွဲ့ရဲ့ အကြီးအကဲက သူရဲကောင်းကြွက် မာဂါဝါနဲ့ APOPO အဖွဲ့ဟာ တကယ်ကို ထူးချွန်ပြောင်မြောက်တဲ့ အလုပ်တွေလုပ်ဆောင်ခဲ့ကြောင်း၊ ကြွက် မာဂါဝါဟာ ယောကျ်ား၊ မိန်းမနဲ့ ကလေးတွေရဲ့ ဘဝတွေ ဆိုးကျိုးပေးနိုင်တဲ့ မြေမြုပ်မိုင်းတွေကို ဖယ်ရှားပေးခဲ့ကြောင်း ချီးမွမ်းပြောဆိုပါတယ်။
၁၉၇၅ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ သန်းနဲ့ချီတဲ့ မြေမြုပ်မိုင်းတွေ မြုပ်ထားတဲ့အတွက် သိန်းချီတဲ့လူတွေ သေကြေဒဏ်ရာ ရရှိခဲ့ပါတယ်။
PDSA အဖွဲ့က ရွှေတံဆိပ်ပေးအပ်လိုက်ခြင်းဟာ ကမ္ဘာတစ်ဝန်းရှိ မြေမြုပ်မိုင်းအန္တရာယ်ကို လူတွေ စိတ်ဝင်စားအောင် လုပ်ဆောင်ပေးနိုင်တာဖြစ်ကြောင်း APOPO အဖွဲ့က ပြောပါတယ်။
ကြွက် မာဂါဝါဟာ တန်ဇေးနီးယား ဇာတိဖြစ်ပြီး တင်းနစ်ကွင်းအကျယ်မြေပြင်ကို ၃၀ မိနစ်အတွင်း မိုင်းရှာနိုင်ကြောင်း သိရပါတယ်။ တင်းနစ်ကွင်းအကျယ်မြေပြင်ကို မိုင်းရှာကိရိယာသုံးပြီး ရှာဖွေမယ်ဆိုရင် လေးရက်ကြာမြင့်ပါတယ်။
APOPO အဖွဲ့က ကြွက် ၄၅ ကောင်ကို မိုင်းရှာရန် နဲ့ ၃၁ ကောင်ကိုတော့ တီဘီရောဂါပိုး ရှာဖွေရန် လက်ရှိလေ့ကျင့်ပေးနေကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP