ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးပွဲတွင် ဒီဇိုင်နာ မေမြတ်ဝါဆို၏ မြန်မာ့ချည်ထည်များ ပြသခဲ့

၂ အောက်တိုဘာ

 

 

Indonesia Fashion Week ၏ Pre- sident ဖြစ်သည့် Poppy Dharsono က အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးမင်းလွင်နှင့် ဇနီးမှတစ်ဆင့် ဖိတ်ကြားမှုကြောင့် ဒီဇိုင်နာ မေမြတ်ဝါဆို အနေဖြင့် ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ယဉ်ကျေးမှုများကို ဖလှယ်ကြသည့်ပွဲတော် (Vi- etnam-Myanmar A Dash of Part- nership)တွင် ပါဝင်ပြသခဲ့ကြောင်း သိရသည်။

 

 

မေမြတ်ဝါဆို အနေဖြင့် အင်ဒို နီးရှားနိုင်ငံ Jakarta Convention Centre ၌ ကျင်းပခဲ့သည့် Indonesia Fashion Week 2019 ပွဲကြီးတွင်လည်း မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အင်ဒိုနီးရှား၊ အီတလီ၊ ဩစတြေးလျ၊ ပြင်သစ်၊ မလေးရှားနှင့် တူရကီတို့မှ ဒီဇိုင်နာ များနှင့်အတူ ပါဝင်ပြသခဲ့ပြီးနောက် ဆက်လက်၍ ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးပွဲတွင် ထပ်မံပြသရန် ဗီယက်နမ်မှ ဒီဇိုင်နာတစ်ဦး နှင့်အတူ မြန်မာဘက်မှ ဒီဇိုင်နာအနေဖြင့် မေမြတ်ဝါဆိုအား ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

"ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် သံအမတ်ကြီး ဇနီးက မြန်မာနဲ့ ဗီယက်နမ် ပူးပေါင်းပြီး ဖက်ရှင်ရှိုးပွဲလုပ်ဖို့ အစီအစဉ် ရှိတယ်၊ ဗီယက်နမ်ဘက်က ဒီဇိုင်နာ တစ်ယောက်၊ မြန်မာဘက်က ဒီဇိုင်နာ တစ်ယောက် ပြသခွင့်ရမယ်ပေါ့၊ အဲဒီပွဲတော်မှာ အစ်မကိုလည်း မြန်မာ ဝတ်စုံလေးတွေ ပြပေးဖို့ ပြောလာတယ်၊ အဓိကကတော့ လုံချည်နဲ့ မြန်မာ ဝတ်စုံလေးတွေပေါ့၊ ရိုးရာယဉ်ကျေးမှု ပုံစံစစ်စစ်ကြီးလည်း မလိုချင်ဘူး၊ သူတို့လည်း လိုက်ဝတ်လို့ရမယ့် ပုံစံလေးတွေကို ပြပေးပါပေါ့။ ခေါင်းစဉ် ပေးထားတာကတော့ လုံချည်ဖက်ရှင် ရှိုးဆိုပြီး ခေါင်းစဉ်ပေးထားတယ်ဆိုတော့ အစ်မလည်း ကနုတ်လေးတွေကိုတော့ မြန်မာဝတ်စုံပေါ်မှာ ဆွဲပေးထားတယ်။ ပဝါလေးတွေဆိုလည်း ပွဲတက်တဲ့အခါမှာ သုံးလေ့သုံးထရှိတော့ ပဝါကို ဒီအတိုင်း ခြုံတဲ့ပုံစံမျိုး မဟုတ်ဘဲ အကျီနဲ့တွဲလျက် ပုံစံလေးတွေ ဆန်းသစ်ထားတယ်။ ဗီယက်နမ် ဘက်ကလည်း သူတို့ရိုးရာတွေကို ပြတယ်၊ အစ်မကလည်း အစ်မဘက်က မြန်မာဝတ်စုံတွေကို ပြဖြစ်ခဲ့ပါတယ်၊ အစ်မအနေနဲ့တော့ အခုလိုမျိုး ဗီယက်နမ်နဲ့ မြန်မာ ချစ်ကြည်ရေးပွဲလေးမှာ မြန်မာကိုယ်စားပြု အနေနဲ့ ပြသခွင့်ရတာကိုပဲ ဝမ်းသာပါတယ်" ဟု ဒီဇိုင်နာ မေမြတ်ဝါဆိုက ပြောသည်။

 

 

ဖက်ရှင်ဒီဇိုင်းဖန်တီးမှုနှင့် ပတ်သက်၍လည်း မေမြတ်ဝါဆိုက "မြန်မာပုံစံလည်း ပေါက်သလို လိုက်ဝတ်လို့ လည်းရမယ့် ပုံစံလေးကို စဉ်းစားရတာပေါ့၊ ကိုယ်က ကိုယ့်မြန်မာပုံစံလေးကို မသိမသာ ပါးပါးလေးထည့်တဲ့ သဘောပေါ့၊ သူတို့ကလည်း Handmade ထည့်ချင်တော့ မြန်မာပုံစံမှာ ဒီလိုလုပ် လို့ရပါတယ်ဆိုတဲ့ ပုံစံလေးနဲ့ ကိုယ့်ယဉ်ကျေးမှုလည်း မပျောက်မယ့် ပုံစံလေးတွေကို စဉ်းစားပြီးတော့ လုပ်ခဲ့တယ်"ဟု ဆက်ပြောသည်။

 

 

လုံချည်ဖက်ရှင်ရှိုး ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် အဆိုပါပွဲ၌ မြန်မာ့ ရိုးရာဝတ်စုံပေါ်တွင် ကနုတ်ပန်းများ ဖြင့် ပုံဖော်ထားသည့် မြန်မာဝတ်စုံ ၁၁ စုံကို သရုပ်ဆောင် ချစ်စနိုးဦး၊ မိုးယုစံ၊ နန်းခင်ဇေယျာ၊ ထက်ထက်ထွန်းနှင့် ဇွန်သံစဉ် စသည့် အနုပညာရှင်များက ဝတ်ဆင်ပြသခဲ့ကြောင်း သိရသည်။

 

 

ကိုလင်း