ဘဝထဲက တက္ကသိုလ်

ဒေါက်တာစုစုခိုင် (မြန်မာစာ)

4+

 

 

 

 

 

 

 

 

 

 

 

 

 

 

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ “ပန်းချီကဗျာ ထက်လှတဲ့...သီလာတက္က’’လို့ တင်စားကြတဲ့ ရန်ကုန် တက္ကသိုလ်ကြီး နှစ် (၁၀၀) ပြည့်တော့မှာ ဖြစ်ပါတယ်။ နှစ်(၁၀၀)ပြည့်ဆိုတာက ကြုံတောင့်ကြုံခဲပါ။ “မြကျွန်းညိုညို ကွန်းခိုရာတက္ကသိုလ်” မှာ တက္ကသိုလ် ကျောင်းသူဘဝ၊ တက္ကသိုလ်ဆရာမဘဝ နှစ်ဘဝနေခွင့် ရတဲ့သူတစ်ဦးဖြစ်ခဲ့တဲ့ ကျွန်မအတွက် တက္ကသိုလ်ကြီးရဲ့ ကျေးဇူးတရားက ဆပ်လို့တော့မကုန်နိုင်ပါ။ အမိတက္ကသိုလ်ကြီးမှာ ပညာရည်နို့သောက်စို့ခဲ့ရပြီး တက္ကသိုလ်ရဲ့လေကိုလည်း ရှူရှိုက်ခွင့်ရခဲ့ပါတယ်။ ပညာဖြင့် အေးချမ်းစွာ အသက်မွေးဝမ်းကျောင်းခဲ့ရပါတယ်။ တက္ကသီလာကပေးခဲ့တဲ့ အမွေခံကောင်းတွေလည်း ရရှိခဲ့ပါတယ်။

 

လူတစ်ယောက်ရဲ့ဘဝအကြောင်း ပြောတော့မယ်ဆိုရင် အကြင်သူလျှောက်ခဲ့တဲ့ ခရီးလမ်းမှာ ဖြစ်ပျက်ကြုံခဲ့ရ တာတွေကို ပြောရမှာပဲဖြစ်ပါတယ်။ “ဘဝ”ဆိုတာ အဖြစ်အပျက်အကြောင်းအရာတွေပါပဲ။ ကျွန်မဘဝမှာ ရန်ကုန်တက္ကသိုလ်ကြီးက မပါမဖြစ်ပါ။ ကျွန်မတက္ကသိုလ် ဝင်တန်းအောင်တော့ ဒေသကောလိပ်(၂) ရန်ကုန်မှာ တက်ရပါတယ်။ ဒေသကောလိပ်(၂) (လှိုင်နယ်မြေ) ရန်ကုန်မှာ နှစ်နှစ်တက်ရောက် ပညာသင်ခဲ့ရပြီး တတိယ နှစ်မှာတော့ ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာ(အထူးပြု)နဲ့ ပညာသင်ကြားခဲ့ပါတယ်။

 

ဂုဏ်ထူးတန်း၊ မဟာဝိဇ္ဇာ၊ ပါရဂူဘွဲ့အထိ ပညာ ဆည်းပူးခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ နည်းပြဘဝ ခြောက်နှစ်ကျော်ခန့်၊ လက်ထောက်ကထိက နဲ့ ကထိကဘဝ ခုနစ်နှစ်ခန့်၊ လုပ်သက်ရဲ့ ၁၃ နှစ်ကျော်ခန့် တောင်ငူဆောင်၊ မြန်မာစာဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ တက္ကသိုလ်ရဲ့ သဘာဝအရ ဆရာ ဆရာမ တွေက တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်အသီးသီးကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရ ပါတယ်။ နည်းပြ ဘဝကနေ ပါမောက္ခဘဝအထိ နှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး လုပ်သက်ပြည့် အငြိမ်းစားယူခဲ့သော်လည်း ရန်ကုန်တက္ကသိုလ်ကြီး ကတော့ ရင်ထဲမှာ အမြဲရှိနေတဲ့ နေရာတစ်ခုပါ။

 

တက္ကသိုလ်ကြီးနဲ့ကျွန်မ

ရန်ကုန်တက္ကသိုလ်နဲ့ ကျွန်မဟာ ငယ်ဘဝကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တာပါ။ တက္ကသိုလ် မရောက်မီကတည်းက တက္ကသိုလ်နယ်မြေဝန်းကျင်မှာ ကျင်လည်ခဲ့ပါတယ်။ မိခင်နဲ့ အဒေါ်နှစ်ဦးက တက္ကသိုလ်ဘာသာပြန်နဲ့ စာအုပ် ထုတ်ဝေရေးဌာနမှာ တာဝန်ထမ်းဆောင်တော့ တက္ကသိုလ်ရိပ်သာလမ်း ပုဂံခြံဝင်းထဲရှိ တက္ကသိုလ်ဆရာ ဆရာမတွေရရှိတဲ့ အိမ်မှာနေကြပါတယ်။ နယ်မှာနေတဲ့ ကျွန်မတို့မောင်နှမတွေ နွေရာသီရောက်ပြီဆို ရန်ကုန်ကို အလည်လာကြပါတယ်။ တက္ကသိုလ်ဝင်းထဲက ပုဂံခြံဝင်းထဲကို ရောက်ခဲ့ပါတယ်။ အားတဲ့အချိန်မှာ ကလေးတို့ သဘာဝ ပုဂံလမ်း၊ အင်းလျားကန်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ သစ်ပုပ်ပင်တွေဆီကို လမ်းလျှောက်ပြီးသွားကြ၊ ခြံဝင်းထဲက အရွယ်တူတွေနဲ့ ကစားကြနဲ့ အလွန်ပျော်စရာကောင်းလှပါတယ်။ ထိုအချိန်က ယခုလိုလမ်းပေါ်မှာ ကားတွေလည်း မများသေးပါ။ အားလပ်တဲ့အချိန်တွေမှာ ပုဂံခြံဝင်းမှ တက္ကသိုလ်ရိပ်သာလမ်းမပေါ်လျှောက်၊ အဓိပတိလမ်းမကြီးဆီ ရောက်အောင် သွား၊ သစ်ပုပ်ပင်ကြီးအောက်ရောက် ခဏထိုင်၊ စာကြည့်တိုက်ဘေးကတစ်ဆင့် ပုဂံလမ်းကိုဝင်၊ ပုဂံလမ်းက တစ်ဆင့် ခြံကြီးထဲကို ပြန်လာနဲ့ ပျော်ကြပါတယ်။

 

လမ်းတစ်လျှောက် တက္ကသိုလ်ထဲက အိမ်တွေအကြောင်း၊ အဲဒီအိမ်တွေမှာ ကထိက၊ ပါမောက္ခစသည်ဖြင့် နေသူတွေကို ဝမ်းကွဲမောင်နှမတွေက ပြောပြပါတယ်။ ငယ်ဘဝကတည်းက သစ်ပုပ်ပင်ကြီးအောက်မှာ ထိုင်ခဲ့ ဖူးပါတယ်။ ကံ့ကော်ပင်အောက်လည်း ရောက်ခဲ့ပါတယ်။ စိန်ပန်းပင်အောက်မှာလည်း စိန်ပန်းပင်ကြီးကို မော်ကြည့် ဖူးခဲ့ပါတယ်။ အပူအပင်ကင်းတဲ့ ကလေးဘဝမှာ တက္ကသိုလ်ဝန်းကျင်ထဲမှာ ပျော်ခဲ့ရတာပါ။

 

တက္ကသိုလ်ဆရာမဘဝ

၁၉၈၆ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ နည်းပြအဖြစ်နဲ့ စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီတုန်းက ပါမောက္ခက ဆရာမကြီးဒေါ်စီစီဝင်းပဲ ဖြစ်ပါတယ်။ ကျောင်းသူဘဝ ၁၉၇၉ ခုနှစ်မှာတော့ ပါမောက္ခ ဆရာမကြီးဒေါ်သန်းဆွေ ဖြစ်ပါတယ်။ ကျွန်မ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ တာဝန်ထမ်းဆောင်ခဲ့စဉ် ဆုံတွေ့ခဲ့ရတဲ့ ပါမောက္ခ ဆရာကြီး ဆရာမကြီးတွေကတော့ ဆရာမကြီး ဒေါ်စီစီဝင်း၊ ဆရာကြီးဦးဘိုသင်း၊ ဆရာကြီး ဦးရွှေသွင်၊ ဆရာမကြီးဒေါ်ပို၊ ဆရာမကြီးဒေါ်ခင်မေနွဲ့၊ ဆရာကြီးဦးဝင်းမွန်၊ ဆရာကြီးဒေါက်တာခင်အေးတို့ ဖြစ်ပြီး ဆရာကြီး ဆရာမကြီးတို့ရဲ့ အေးမြတဲ့အရိပ်မှာ ခိုလှုံခဲ့ရပါတယ်။ တက္ကသိုလ်ဆရာမဘဝမှာ ဆရာကြီး ဆရာမကြီး တို့ရဲ့ လေးစားအားကျ အတုယူဖွယ်တွေကို အတုယူခဲ့ပါတယ်။ တက္ကသိုလ်ကြီးရဲ့ ကောင်းမွန်မြင့်မြတ်တဲ့ အမွေ အနှစ်တွေပါပဲ။

 

အင်းလျားလမ်းကအိမ်

ကျွန်မနဲ့ ရန်ကုန်တက္ကသိုလ်က ရေစက်ကြီးလှတယ်လို့ ပြောရမလားပါပဲ။

 

၁၉၈၇ ခုနှစ်မှာ ကျွန်မ အိမ်ထောင်ကျပါတယ်။ “သျှောင်နောက်ဆံထုံးပါ”ဆိုသကဲ့သို့ ခင်ပွန်းဖြစ်သူ တာဝန်ကျတဲ့ မင်္ဂလာဒုံမှာ နေရပါတယ်။ မင်္ဂလာဒုံကနေ ရန်ကုန်တက္ကသိုလ်ကို ကျောင်းတက်ရပါတယ်။ ကျွန်မက နည်းပြဖြစ်ခါစမို့ အိမ်ခန်းလျှောက်လို့လည်း မရသေးပါ။ ၁၉၉၀ ပြည့်နှစ်မှာ အဒေါ်အငယ် (မိခင်ရဲ့ညီမအငယ်)က ရန်ကုန်တက္ကသိုလ် နယ်မြေ အင်းလျားလမ်းမှာ အိမ်နေခွင့်ရပါတယ်။ အဒေါ်ဖြစ်သူက တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေ ရေးဌာနမှာ စာတည်း ဖြစ်ပါတယ်။

 

အဒေါ် (ဒေါ်စီလေးချို)က တစ်ကိုယ်ရေတစ်ကာယ (အပျိုကြီး)ဖြစ်တော့ တူမဖြစ်သူ ကျွန်မနဲ့ အတူနေဖို့ ဖြစ်လာရပါ တယ်။ တူမဖြစ်သူ အလုပ်သွားလာရတာ ဝေးတာကတစ်ကြောင်း၊ သမီးကဲ့သို့ ချစ်တဲ့အတွက်ကြောင့် ကျွန်မတို့ မိသားစု အတူနေကြပါတယ်။ အဲဒီအိမ်ကတော့ အမှတ်(၉၅) အင်းလျားလမ်းပဲ ဖြစ်ပါတယ်။ အင်းလျားလမ်းအိမ်က ကျွန်မတို့မတိုင်မီ ဆရာကြီး ဦးဆန်းထွန်း (မန်းတက္ကသိုလ်) မြန်မာစာအဖွဲ့နေခဲ့တဲ့ အိမ်ပါ။ ဆရာကြီးက အဲဒီအိမ်မှာပဲ ကွယ်လွန်သွားခဲ့တယ် လို့ သိရပါတယ်။

 

ကျွန်မတို့ မိသားစုသုံးယောက် ၁၉၉၀ ပြည့်နှစ်မှာ အင်းလျားလမ်းအိမ်ကို ပြောင်းခဲ့ပါတယ်။ အဲဒီအိမ်မှာပဲ ကျွန်မရဲ့ ဒုတိယမြောက်သမီး (သမီးထွေး)ကို မွေးဖွားခဲ့ပါတယ်။ သစ်ကြီးဝါးကြီးတွေနဲ့ စိမ်းစိုနေတဲ့ တက္ကသိုလ်နယ်မြေ ကအိမ်မှာ ပျော်ရွှင်စွာနေခဲ့ကြရပါတယ်။ အင်းလျားလမ်းဆိုတဲ့နေရာမှာနေရလို့ ကျွန်မအနေနဲ့ ဝမ်းသာဂုဏ်ယူပြီး ရန်ကုန်တက္ကသိုလ်ကြီးကိုလည်း ကျေးဇူးတင်လျက်ပါ။ အိမ်ကတစ်ထပ်တိုက်ဖြစ်ပြီး ခြံကြီးက ကျယ်ဝန်းလှပါတယ်။ သစ်ပင်ပန်းပင်မျိုးစုံရှိတဲ့ အိမ်ပါ။

 

အင်းလျားလမ်းအိမ်ရဲ့ ဘေးဝဲ၊ ယာအိမ်တွေကတော့ ကျွန်မတို့တွေနဲ့တက္ကသိုလ်မှာ ဆုံခဲ့၊ ခင်ခဲ့ကြတဲ့ ဆရာ ဆရာမတွေပဲ ဖြစ်ပါတယ်။ လက်ဝဲဘက်ကအိမ်မှာ ဆရာကြီးဦးတိမ်ကြည် (ယခင် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ ကျောင်းအုပ်ကြီး)နဲ့ ဆရာမဒေါ်မြဆွေ (ပါမောက္ခ မြန်မာစာဌာန နိုင်ငံခြားဘာသာတက္ကသိုလ်)တို့ အိမ်ဖြစ်ပြီး လက်ယာဘက်က အိမ်မှာတော့ ဆရာမ ဒေါ်မြမြ (အဆိုတော်စီလေး) တက္ကသိုလ်များ သမိုင်း သုတေသနဌာနတို့ရဲ့ အိမ်ဖြစ်ပါတယ်။ ဆရာမဒေါ်မြမြက ကျွန်မရဲ့ အဒေါ်အကြီး (မင်းလှ ညွန့်ကြူး+ဒေါ်ရီရီဌေး)တို့နဲ့ ပုဂံခြံဝင်းမှာ အတူနေခဲ့တဲ့ဆရာမပါ။ ဆရာကြီး ဦးတိမ်ကြည်နဲ့ ဆရာမဒေါ်မြဆွေကတော့ ကျွန်မရဲ့ဆရာ ဆရာမရင်းချာများ ဖြစ်ပါတယ်။ တတိယနှစ်ကတည်းက ပညာသင်ကြားပေးခဲ့တဲ့ ဆရာများဖြစ်ပါတယ်။

 

အင်းလျားအိမ်က ခြံကြီးဝင်းကျယ်နဲ့ သစ်ရိပ်ဝါးရိပ် တွေနဲ့ဆိုတော့နေရတာ အေးချမ်းလှပါတယ်။ သစ်ပင်ကြီးတွေရဲ့ အရိပ်အေးမြမှုကြောင့် အိပ်လို့ကောင်းတဲ့အတွက် အိပ်ရာထ နောက်ကျတတ်ပါတယ်။ တစ်နေ့မှာ ဆရာကြီး ဦးတိမ်ကြည်နဲ့ဆုံတော့ “နေရတာအေးလွန်းလို့ အိပ်ကောင်းကောင်းနဲ့အိပ်တာ အိပ်ရာထအမြဲနောက်ကျပါတယ် ဆရာ”လို့ ပြောတော့ “အိပ်ရာစောစောထတာ ကောင်းတယ်။ မပျင်းနဲ့၊ ပျင်းရင် ဖျင်းသွားလိမ့်မယ်။ “ပ”နဲ့“ဖ”က နီးတယ်” လို့ ပြောပါတယ်။ ဆရာကြီးရဲ့ ဩဝါဒကို ယနေ့အထိ မှတ်သားလိုက်နာခဲ့ပါတယ်။

 

အင်းလျားလမ်းအိမ်ရဲ့ ခြံဝင်းတံခါးနားမှာ “အာသောကပင်”တစ်ပင် ရှိပါတယ်။ အဲဒီအပင်ကြီးက ပန်းပွင့်ပြီဆို အလွန်လှပါတယ်။ အာသောကပန်းပွင့်ကို ရန်ကုန်တက္ကသိုလ်ရောက်မှ မြင်ဖူးတာပါ။ ယခင် ဤအိမ်တွင် နေခဲ့တဲ့ ဆရာကြီးဦးဆန်းထွန်း(မန်းတက္ကသိုလ်) က ပန်းတွေပွင့်ပြီဆိုရင် ရွှေတိဂုံဘုရားကို အပင်လိုက် စိတ်မှန်းနဲ့ ကပ်လှူတယ်လို့ ဆရာကြီးနဲ့ သိခဲ့တဲ့လူငယ်တစ်ဦးက ပြန်ပြောပြလို့ သိရပါတယ်။ ဒါလည်းမှတ်သား အတုယူစရာ တစ်ခုပါပဲ။ ကောင်းတဲ့အမွေလို့ယူရင် ရပါတယ်။

 

အခု ကျွန်မနေတဲ့အိမ်မှာ ပိတောက်ပင်၊ ကံ့ကော်ပင်တို့ ရှိပါတယ်။ ပန်းတွေပွင့်ပြီဆိုရင် အပင်ရဲ့ထိပ်ပိုင်းက အပွင့်တွေကို စိတ်မှန်းနဲ့ ရွှေတိဂုံဘုရားကို ကပ်လှူပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ကျေးဇူးက ကျွန်မအပေါ်မှာ ကြီးမားလှပါတယ်။ ရန်ကုန်တက္ကသိုလ် ပရဝဏ်မှာ နေရတာ ကြီးမားတဲ့ အတိတ်ကံကြောင့်လို့ပြောလို့ ရပါတယ်။ ရှေးရေစက်လို့လည်း ယူသော်ရကောင်း ပါတယ်။ “ရေစက်” ဆိုတာကတော့ တစ်ဦးနဲ့တစ်ဦး ဆုံစည်းဖို့ ရှေးကပြုခဲ့ဖူးတဲ့ ကောင်းမှုအကျိုးဆက်လို့ အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။

 

၁၉၉၂ ခုနှစ်ဝန်းကျင်လောက်မှာ ပုဂ္ဂိုလ်တစ်ဦးက အိမ်ရှေ့မှာရှိတဲ့ အာသောကပင်ကို ရှုထောင့်အမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ခွင့် တောင်းခံပါတယ်။ သူ့ရဲ့အမည်နဲ့ ရာထူးကို မိတ်ဆက်ပြောပြီး သူတို့ဌာနရဲ့ မဂ္ဂဇင်းမှာ ထည့်ချင်လို့လို့ ပြောပါတယ်။ အဒေါ်ကလည်း ရိုက်ခွင့်ပြုပါတယ်။ “ဒီအင်းလျားအိမ်က ယခင်က ကျွန်တော်တို့ ဆရာနေခဲ့တဲ့အိမ် ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်းထဲက အာသောကပင်တွေထဲမှာ ဒီအပင်က ပန်းပွင့်တွေက အလှဆုံးလို့ ပြောခဲ့လို့ပါ။ အဲဒါကို မှတ်တမ်းတင် ချင်လို့ပါ” လို့ ဆိုပါတယ်။ ဒါလည်း ရန်ကုန်တက္ကသိုလ်ရဲ့ အမှတ်တရတစ်ခုလို့ ဆိုချင်ပါတယ်။ အခု ဒီအာသောကပင်ကြီး ရှိ၊ မရှိတော့မသိပါ။ ကြာပြီဆိုတော့ ရှိ၊ မရှိကို သွားကြည့်မှပဲ သိတော့မှာပါ။

 

ရန်ကုန်တက္ကသိုလ်(၈၃)နှစ်ပြည့် မွေးနေ့

၂၀၀၃ ခုနှစ် ဒီဇင်ဘာလက ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ ရန်ကုန်တက္ကသိုလ်ရဲ့ (၈၃)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်ပွဲ ပြုလုပ်ပါတယ်။ ဈေးရောင်းပွဲတော်၊ ပျော်ပွဲရွှင်ပွဲနဲ့ ကံစမ်းမဲအစီအစဉ်တို့ ပါဝင်ပါတယ်။ မှတ်မိတဲ့ သူတွေလည်း မှတ်မိမှာပါ။ မြန်မာစာဌာနမှာ ဆရာကြီးဒေါက်တာခင်အေး ပါမောက္ခ/ ဌာနမှူးအဖြစ် တာဝန်ထမ်း နေတဲ့အချိန်ပါ။

 

ကျွန်မတို့ မြန်မာစာဌာနက ဝိဇ္ဇာခန်းမဘက်မှာ ရခိုင်မုန့်တီ ရောင်းရပါတယ်။ ဌာနအလိုက် ဈေးရောင်းပွဲ ကျင်းပတာ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ အစီအစဉ်နဲ့ ကံစမ်းမဲတွေလည်း ပါဝင်ပါတယ်။ ကံစမ်းမဲတစ်စောင်ကို ငွေကျပ် ၂၀၀ ဖြစ်ပါတယ်။ ဌာနတိုင်းက ဆရာ ဆရာမတွေ အားပေးကြရပါတယ်။ ကျွန်မတို့ တစ်ဦးကို ကံစမ်းမဲ လက်မှတ် ငါးစောင် ဝယ်ကြပါတယ်။ လက်မှတ်ကိုတော့ ကိုယ်ကြိုက်တဲ့အစောင်မရပါ။ ဌာနရဲ့ လက်မှတ်ထိုး ဇယားအတိုင်း ယူကြရပါတယ်။ ကံစမ်းမဲက ပထမဆု တီဗွီ၊ ရေခဲ သေတ္တာ စသည်ဖြင့်ပေါ့။ ဒုတိယဆု၊ တတိယဆု၊ အထူးဆု စသည်ဖြင့်ပေါ့။

 

ကံစမ်းမဲကလည်း ပေါက်လေ့ပေါက်ထမရှိတဲ့ ကျွန်မသိပ်စိတ်မဝင်စားပါ။ ကံစမ်းမဲကိုလည်း အောင်ဘာလေ ထီရွေးချယ်သလို ဂေါ်လီလုံးလှည့် ရွေးချယ်တယ်လို့ ပြောပါတယ်။ ကံစမ်းမဲဖွင့်တဲ့နေ့မှာ ဌာနတွေက ကိုယ်စားလှယ် တွေ သွားကြရပါတယ်။ ဘွဲ့နှင်းသဘင်ခန်းမမှာ ပြုလုပ်ပါတယ်။ ရန်ကုန်တက္ကသိုလ် (၈၃) နှစ်ပြည့်မွေးနေ့မှာ ကျွန်မ ကံစမ်းမဲ ပထမဆု ပေါက်ခဲ့ပါတယ်။ ကျွန်မရဲ့ ကံစမ်းမဲ ငါးရွက်ထဲက အလယ်အရွက်က ပေါက်တာပါ။

ကံစမ်းမဲကိုစီစဉ်ဖို့ တာဝန်ကျတဲ့ ဆရာမကြီးကတော့ သတ္တဗေဒပါမောက္ခ ဒေါက်တာဒေါ်တင်နွယ်က ဦးစီးပြီး ပြုလုပ်တယ်လို့ သိရပါတယ်။ ဆရာမကြီးထံမှာ ဆုငွေသွားထုတ်ယူရပါတယ်။ ပထမဆုအဖြစ် ငွေသားကျပ် သုံးသိန်းတိတိကို ရရှိခဲ့ပါတယ်။

 

ရန်ကုန်တက္ကသိုလ် (၈၃)နှစ်ပြည့်မွေးနေ့က ကျွန်မအတွက် ဘဝမှာ အမှတ်တရလို့ ပြောလို့ရပါတယ်။ ရရှိလာတဲ့ ဆုငွေကို ဌာနအတွက်လည်း လှူပါတယ်။ ဌာနရှိ ဆရာ ဆရာမအားလုံးနဲ့ ဝန်ထမ်းတွေကို မုန့်ဟင်းခါး၊ ကော်ဖီ၊ မုန့်တို့နဲ့ ဒါနပြုခဲ့ပါတယ်။ ရွှေတိဂုံဘုရားကိုလည်း ရွှေသင်္ကန်းကပ်ပြီး မိဘတွေကို ကန်တော့ပါတယ်။ ကျွန်မ မှတ်ဉာဏ်ကောင်းနေသရွေ့ သတိရနေမယ့် အကြောင်းအရာထဲမှာ ပါဝင်နေမှာပါ။

 

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ရန်ကုန် တက္ကသိုလ် နှစ် (၁၀၀) ပြည့်တော့မှာပါ။ ရန်ကုန် တက္ကသိုလ်ကြီးရဲ့ ကျေးဇူးတရားတွေကို ထာဝရသတိရနေမှာ ဖြစ်ပါတယ်။ “ကျောင်းသားတစ်ဖြာ၊ ဆရာတစ်ဖြစ်” နေလာခဲ့ရတဲ့ တက္ကသိုလ်ကြီးကို ရည်မှန်းပြီး ကန်တော့လျက်ပါ။

 

ကဗျာဆရာ တက္ကသိုလ်မင်းမော် (ဆရာဦးထွန်းမြင့်) ရဲ့ “တက္ကသိုလ်၏ နိမိတ်ပုံအချို့ကို ခံစားခြင်း” ကဗျာရဲ့ အဆုံးပိုဒ်လေးဖြင့် တက္ကသိုလ်ကြီးကို လွမ်းပါရစေ။

 

ထို့ကြောင့်…

သူငယ်ချင်း…

တက္ကသိုလ်ရိပ်မြုံ

နိမိတ်ပုံတွေ၊ အာရုံထဲတွင် မကုန်စင်သမျှ

ဝိညာဉ်နှင့် ငါ၊ ခွာနိုင်ပါလည်း

ငါနှင့် တက္ကသိုလ်

တက္ကသိုလ်နှင့် ငါ

စကြဝဠာမှာတော့

ကမ္ဘာမခြားနိုင်ပါဘူး သူငယ်ချင်း။

 

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့်မှသည် ကမ္ဘာတည်သရွေ့ တည်ရှိနိုင်ပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါသည်။    ။