ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာရှိ နေအိမ်တစ်လုံး မီးရှို့ဖျက်ဆီးခံရ

နေပြည်တော် ၁၃ ဇူလိုင်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာ ရပ်ကွက် (၃) တွင် နေထိုင်သူ ရီရှီး ဒူလာ၏ နေအိမ်ကို ဇူလိုင် ၁၀ ရက် နံနက်ပိုင်းတွင် တစ်ရွာတည်းနေသူ ၂ ဦးက အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ယင်းသတင်းထုတ်ပြန်ချက်တွင်  ဖုံညိုလိပ်ကျေးရွာ၊ ရပ်ကွက်(၃)တွင်နေထိုင်သူ ရီရှီးဒူလာ၏ နေအိမ်ကို ဇူလိုင် ၁၀ ရက် နံနက် ၁ နာရီခန့်တွင် တစ်ရွာတည်းနေ မာမွတ်ဆီဒီးနှင့် အဲယ်ဆောင် ဟူလာတို့ ၂ ဦးက နေအိမ်အောက်ထပ် ၀ရန်တာတွင် ကောက်ရိုးပုံ၍ ဓာတ်ဆီလောင်းမီးရှို့ပြီး ရွာလမ်းအတိုင်း အရှေ့ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း၊ မီးလောင်မှုကို ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ကောက်ရိုးပုံ၏ အောက်၌ မကွဲသေးသည့် တပ်မတော်သုံး ၆၀ မမဗုံးသီး ၁ လုံးအား တွေ့ရှိခဲ့ရကြောင်း၊ အိမ်ပိုင်ရှင် ရီရှီးဒူလာသည် ကျေးရွာတွင် ရိုးသားစွာ လုပ်ကိုင်စားသောက်သူ တစ်ဦး ဖြစ်ပြီး တပ်မတော်စစ်ကြောင်းများအား ကူညီဖူးသူဖြစ်ခြင်းကြောင့် နေအိမ်ကိုမီးလောင်ပေါက်ကွဲစေရန်နှင့် ဗုံးသီးမှာ တပ်မတော်မှ ပစ်ခတ်ခြင်းကြောင့် ပေါက်ကွဲသည်ဟု ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု သိရှိရကြောင်း။

 

မီးရှို့ထွက်ပြေးသူ ၂ ဦးအား ဖမ်းဆီးရမိခြင်းမရှိဘဲ ၎င်းတို့နှင့် ဆက်စပ်သည့်  ရပ်ကွက်(၁)မှ ရှုကူလာနှင့် အဏ္ဏဝါဆာဒတ်တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်သွယ်ခေါ်ယူရာ အဏ္ဏဝါ ဆာဒတ်သာ တွေ့ရှိပြီး လာရောက်အဖမ်းခံကြောင်း၊ ၎င်းအား စစ်ဆေးမေးမြန်းချက်အရ မီးရှို့ထွက်ပြေးသူ မာမွတ်ဆီဒီးနှင့် အဲယ်ဆောင်ဟူလာတို့မှာ AA အကြမ်းဖက်သောင်းကျန်းသူများဖြစ်ပြီး ၂၀၁၉ ခုနှစ် မတ်လမှစတင်၍ မာမွတ်ဆီဒီး ဦးဆောင်ကာ ကျေးရွာအတွင်း ငွေကြေးကောက်ခံခြင်း၊ ကောက်ခံရရှိသော ငွေနှင့် ရိက္ခာပစ္စည်းများအား AA အကြမ်းဖက် သောင်းကျန်းသူများ ချိန်းဆိုသော နေရာများသို့ သွားရောက်ပို့ဆောင်ခြင်း၊ ၂၀၁၉ ခုနှစ် ဩဂုတ်လ၌ ဖုန်ညိုလိပ်တံတားအနီး မိုင်းထောင်ရာတွင် ပါဝင်ကူညီခြင်း၊ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်နေထိုင်သော ရွာသားများ၏ ကျွဲ၊ နွား များအား ခိုးယူ၍ AA အကြမ်းဖက် သောင်းကျန်းသူများထံသို့ရောင်းချကာ ရရှိငွေအား ဝေစုခွဲရယူခြင်းအပြင် တပ်မတော်စစ်ကြောင်းများ၏သတင်းများ AA အကြမ်းဖက်သောင်းကျန်းသူများထံသို့ ပေးပို့ရခြင်း၊ မိုင်းထောင်ရာတွင် လိုက်ပါကူညီရခြင်းတို့အား ဆောင်ရွက်ခဲ့သည်ဟု ပဏာမ ဝန်ခံထွက်ဆိုခဲ့ ကြောင်း ဖော်ပြထားသည်။

 

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တော မြို့နယ် အတွင်းရှိ  ကျေးရွာအချို့မှ ရွာသားအမာခံများမွေးမြူ၍ ယခု ဖြစ်စဉ်ပါ တပ်မတော်အပေါ် အထင်အမြင် လွဲမှားစေရေး အသုံးချဆောင်ရွက်သလို ၎င်းတို့အတွက် ရိက္ခာနှင့်ငွေကြေးများ ကိုလည်း အဓမ္မခြိမ်းခြောက်ရယူလျက်ရှိကြောင်း ပဏာမစစ်ကြောချက်အရသိရှိရ၍ AA အကြမ်းဖက် သောင်းကျန်းသူများ၏ အမာခံများကျေးရွာများအလိုက် အခြေမခံနိုင်စေရေး သတင်းဖော်ထုတ် ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

(သတင်းစဉ်)