ဘုရားမီးပူဇော်ရာမှ မိုင်းကိုင်မြို့နယ်၊ စုံလောကျေးရွာ ဘုန်းတော်ကြီးကျောင်း  မီးလောင်

မိုင်းကိုင် ၂၆  နိုဝင်ဘာ     

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၏ အနောက်မြောက်ဘက် မိုင် ၃၀ ခန့်အကွာရှိ စုံလောကျေးရွာ ဘုန်းတော်ကြီးကျောင်းသည်  ယနေ့နံနက် ၄ နာရီခွဲအချိန်တွင်  ဖယောင်းတိုင်မီးထွန်းညှိပြီး ဘုရားမီးပူဇော်ရာမှ ဘုရားစင်အား  မီးကူးစက်ကာ  မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း  သိရှိရသည်။

 

မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့်   စုံလောကျေးရွာ  ဘုန်းတော်ကြီးကျောင်း   အလျား ၆၀ ပေ အနံ ၄၀ ပေ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း ခြေတန်ရှည် ဘုန်းတော်ကြီးကျောင်း တစ်ခုလုံး မီးကူးစက် လောင်ကျွမ်းသွားကြောင်း၊ မီးကို ကျေးရွာနေပြည်သူများ  ဝိုင်းဝန်းငြိှမ်းသတ်ခဲ့သဖြင့်  နံနက် ၅ နာရီခွဲအချိန်တွင် မီးငြိမ်းခဲ့ကြောင်း၊ လူ၊ တိရစ္ဆာန်  တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိပါကြောင်း၊ ကျောင်းထိုင်ဆရာတော်  ဦးဝိလာသ  အပါအဝင် သံဃာတော် ၁၄ ပါး  မီးဘေးလွှတ်ရာသို့  တိမ်းရှောင် နိုင်ခဲ့ကြောင်း  သိရှိရသည်။

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)