ဘရာဇီးနိုင်ငံမှာ ကပ်ရောဂါကြောင့် သေဆုံးသူ တစ်သိန်းကျော် သွား

၉ ဩဂုတ်

 

ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုးကြောင့် သေဆုံးသူ ၁၀၀,၀၀၀ ကျော်သွားပြီး ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ သုံးသန်း ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ကြေညာပါတယ်။ 

 

လူဦးရေ ၂၁၂ သန်းနေထိုင်တဲ့ ဘရာဇီးနိုင်ငံမှာ စနေနေ့က ၂၄ နာရီအတွင်း သေဆုံးသူ ၉၀၅ ဦးနဲ့ ကူးစက်ခံရသူ ၄၉,၉၇၀ ဦးရှိကြောင်း၊ စုစုပေါင်း ရောဂါပိုးတွေ့ရှိသူ ၃,၀၁၂,၄၁၂ ဦးနဲ့ သေဆုံးသူ စုစုပေါင်း ၁၀၀,၄၇၇ ဦးရှိကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။ 

 

ဘရာဇီးနိုင်ငံမှာ ပျမ်းမျှ လူဦးရေ ၁ သန်းမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၄၇၈ ဦး ရှိပြီး အမေရိကန်နိုင်ငံမှာတော့ သေဆုံးသူ ၄၈၇ ဦးရှိကြောင်း၊ စပိန်နိုင်ငံမှာတော့ လူ ၁ သန်းမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၆၀၉ ဦးနဲ့ အီတလီနိုင်ငံမှာ ၅၈၃ ဦးရှိတဲ့အတွက် ဉရောပနိုင်ငံတွေထက် ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ နည်းတယ်လို့ ဆိုနိုင်ပါတယ်။ 

 

ဘရာဇီးနိုင်ငံ ဆာပါလိုမှာ  ကိုရိုနာဗိုင်းရပ်စ်ပိုးကို ဖေဖော်ဝါရီ ၂၆ နေ့မှာ တွေ့ရှိကြောင်း ကြေညာခဲ့ပြီး မတ် ၁၂ ရက်နေ့မှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရက်တစ်ရာနောက်ပိုင်းမှာ သေဆုံးသူဟာ ၅၀,၀၀၀ ဖြစ်လာခဲ့ပြီး အဲဒီနောက် မှာ နှစ်ဆဖြစ်လာခဲ့တာဖြစ်ပါတယ်။ 

 

အခုရက်ပိုင်းတွေမှာ မြို့ပြနဲ့ ဝေးတဲ့နေရာတွေနဲ့ ကုန်းတွင်းကျတဲ့နေရာတွေမှာ  ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များပြားလာတာကိုတွေ့ရပါတယ်။ 

 

ဘရာဇီးနိုင်ငံ အမျိုးသားချန်ပီယံဘောလုံးပြိုင်ပွဲ ပွဲစဉ်တွေဟာ စနေနေ့က ပြန်လည်စတင်ခဲ့ရာ စီစဉ်ထားတဲ့ ရက်ထက် သုံးလ နောက်ကျပြီးမှ ကျင်းပတယ်လို့ သိရပါတယ်။ 

 

အမေဇုန်အတွင်းမှာနေထိုင်တဲ့ ဌာနေတိုင်းရင်းသားတွေဟာ ဗိုင်းရပ်စ်ပိုးဒဏ် အခံရဆုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဌာနေတိုင်းရင်းသားခေါင်းဆောင် ၇၁ နှစ်အရွယ် အရီတာနာ ရာဝါလာပစ်တီ ကို ဗိုင်းရပ်စ်ပိုးကြောင့် အရေးပေါ် ကုသနေတယ်လို့ သိရပါတယ်။

 

MDN
ကိုးကား - AFP