ဘန်လေက အင်္ဂလန်ဂိုးသမားဟောင်း ဂျိုးဟက်ကို စာချုပ်သက်တမ်းတိုးမည်မဟုတ်ဟုဆို

၂၂   ဇွန်

အင်္ဂလန်ဂိုးသမားဟောင်း ဂျိုးဟက်ဟာ ယခုလကုန်ပိုင်းမှာ ဘန်လေအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်းကုန်ပါက စာချုပ်သစ်ချုပ်ဆိုမှာမဟုတ်ဘူးလို့ ဘန်လေအသင်းက ဆိုပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ ဂိုးသမား ဂျိုးဟက်ဟာ ၂၀၁၈ ခုနှစ်အတွင်း မန်စီးတီးအသင်းကနေ ဘန်လေ အသင်းဆီကို ပြောင်းရွှေ့ကြေးပေါင် ၃ ဒသမ ၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူလည်းဖြစ်ပါတယ်။

ဂိုးသမားဂျိုးဟက်ဟာ ဒီဇင်ဘာလအတွင်းက ဘန်လေအသင်းက အဲဗာတန်အသင်းကို ငါးဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်နောက်ပိုင်း ပွဲထွက်ကစားခွင့် ပျောက်ခဲ့ရတာဖြစ်ပြီး ယခုနှစ်ဘောလုံးရာသီမှာ သုံးပွဲသာပါဝင်ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဂိုးသမား နစ်ပုတ်ဟာ ဘန်လေအသင်းရဲ့ ပထမဦးစားပေး ဂိုးသမားတစ်ဦးဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် မြောက်အိုင်ယာလန်ဂိုးသမား ပီကော့ဖာရယ်ကိုလည်း အရန်ဂိုးသမားအဖြစ် ရွေးချယ်ထားတာ ဖြစ်ပါတယ်။ ဂိုးသမား ဂျိုးဟက်ဟာ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တို့မှာ မန်စီးတီးအသင်းနဲ့အတူ ပရီမီယာလိဂ်ဖလား နှစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ပရီမီယာလိဂ်ရဲ့ ရွှေလက်အိတ်ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ ဂိုးသမားတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန် လက်ရွေးစင်အသင်းအတွက်လည်း ပွဲပေါင်း ၇၅ ပွဲအထိ ပါဝင်ကစား ပေးခဲ့သူ ဖြစ်ပါတယ်။

ဂျိုးဟက်ဟာ ဘန်လေအသင်းဆီ မပြောင်းရွှေ့မီက တိုရီနိုအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့မှာ အငှားချထားခြင်း ခံခဲ့ရသူဖြစ်ပြီး အဲဒီအသင်းတွေမှာလည်း လက်စွမ်းပြမကစားနိုင်ခဲ့သလို ဘန်လေအသင်းမှာလည်း ထင်တိုင်း မပေါက်ခဲ့တာမို့ ဘန်လေအသင်းက စာချုပ်သစ်ချုပ်ဆိုဖို့ ငြင်းဆိုခဲ့တာဖြစ်ပါတယ်။

ငွေကြယ်