ဘင်္ဂလားဒေ့ရှ် အစိုးရကို ဝေဖန်တဲ့ ပို့စ်တစ်ခုတင်တဲ့ တက္ကသိုလ်ကျောင်းသားတစ်ဦး  ကျောင်းဆောင် အတွင်းမှာ ရိုက်သတ်ခံရ

၁၀ အောက်တိုဘာ

 

 

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က တက္ကသိုလ်ကျောင်းသားကို သတ်ခဲ့တဲ့သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ဒဏ်ပေးမယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။

 

1

 

 

 

အသက် ၂၁ အရွယ် အက်ဘာဖာရက်ကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပါတီ အဝါမီလိ ပါတီဝင် ကျောင်းသားတွေက တနင်္လာနေ့က ရိုက်သတ်ခဲ့တယ်လို့ သံသယရှိပါတယ်။ အဲဒီကျောင်းသား သေဆုံးမှုနဲ့ ပတ်သတ်ပြီး ဒါကာမြို့နဲ့ တခြားမြို့တွေမှာ ဆန္ဒပြပွဲတွေ လုပ်ဆောင်နေတာ နှစ်ရက်ရှိပြီ ဖြစ်ပါတယ်။

 

1

 

 

 

ဖာရက်ဟာ ဒါကာမြို့ရှိ ဘင်္ဂလားဒေ့ရှ် စက်မှုတက္ကသိုလ်ကျောင်းမှ ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြားရှိ မြစ်တစ်ခုမှ ရေတွေကို အိန္ဒိယနိုင်ငံကို သုံးယူခွင့်ပြုလိုက်တာနဲ့ ပတ်သတ်ပြီး ဝန်ကြီးချုပ် ဟာဇီနာရဲ့ လုပ်ရပ်ကို ဝေဖန်တဲ့ စာစုတစ်ခု ဖေ့စ်ဘွတ်မှာ ရေးသားပြီးနောက် ဖာရက် နေထိုင်ရာ ကျောင်းသားအဆောင်မှာ ဝန်ကြီးချုပ်ပါတီဝင် အများစုပါဝင်တဲ့ ကျောင်းသားတွေ က ဖာရက်အား ခြောက်နာရီကြာ ရိုက်နှိက်ခဲ့တာ ဖြစ်ပါတယ်။

 

 

ဖာရက် သေဆုံးမှုနဲ့ ပတ်သတ်ပြီး အဝါမီလိ ပါတီဝင်ကျောင်းသား ၁၀ ဦး အပါအဝင် ကျောင်းသား ၁၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဖြစ်ပေမယ့် သံသယရှိသူ နောက်ထပ်ကျောင်းသား ခြောက်ဦးကို ရှာဖွေနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

 

 

ဆန္ဒပြသူတွေက ဖာရက်ကို ရိုက်နှက်တိုက်ခိုက်ခဲ့တဲ့ ဝန်ကြီးချုပ်ပါတီရဲ့ ကျောင်းသား အဖွဲ့အစည်းဖြစ်တဲ့ BCL (Bangladesh Chhatra League) ဝင် ကျောင်းသားတွေကို ကျောင်းထုတ်ပေးရန် တောင်းဆိုနေပါတယ်။

 

 

ဆန္ဒပြပွဲမှာ ပါဝင်တဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ဖာဟမ်း အာမတ်က “ဖာရက်က ဒီကနေ့ ဆိုရင် မနက်ဖြန်ဟာ ကျွန်တော်တို့ဖြစ်လာနိုင်တယ်။ ကျောင်းဆောင်တွေဟာ အခုဆိုရင် ကျောင်းသားတွေအတွက် အိပ်မက်ဆိုးဖြစ်လာပြီ။ ညှင်းပန်းနှိပ်စက်မှုတွေ အဆုံးသတ်ဖို့ လိုအပ်ပြီ” လို့ သတင်းဌာနတွေကို ပြောဆိုပါတယ်။

 

 

MDN

ကိုးကား - AFP