ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ကိုဗစ်-၁၉ ကုသရေးဌာနတွင် ကိုဗစ်-၁၉ လူနာ ၅၀၀ ထားရှိနိုင်သည့်အဆင့်ထိ ဆောင်ရွက်ပြီးစီး

ရန်ကုန်   ၂၂  ဧပြီ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် ကိုဗစ်-၁၉ ကုသရေးဌာန (COVID-19 Medical Center) ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် ကိုဗစ်-၁၉ လူနာ ၅၀၀ ထားရှိနိုင်သည့်အဆင့်ထိ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) ကြီးကြပ်မှုကော်မတီထံက သိရသည်။

စတင်ဖွင့်လှစ်

ရန်ကုန်ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက “ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက COVID-19 Medical Center ရန်ကုန်(ဖောင်ကြီး) တည်ဆောက်ဖို့အတွက် ကျွန်တော့်ကို တာဝန်ပေးထား ပါတယ်။ အခုအချိန်မှာ ကိုဗစ်-၁၉ ကုသရေးဌာန၊ (ဖောင်ကြီး) စတင် ဖွင့်လှစ်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ဝေဘာဂီနဲ့ တောင်ဥက္ကလာမှာ ကိုဗစ်- ၁၉ ရောဂါ လူနာတွေ ပြည့်လာပြီဆိုတာနဲ့ ကျွန်တော်တို့ သုံးပါမယ်။ နောက်ထပ် လေး၊ ငါး ရက်ဆို စသုံးဖြစ်မယ့် သဘောရှိတယ်။ တတ်နိုင်သလောက်တော့ ဟိုဘက်မှာထားမယ်။ ပြီးတော့မှ ဒီဘက်ကို ကျွန်တော်တို့ ပြောင်းပါမယ်။ လိုအပ်လို့သုံးရင် အခု ဧပြီ ၂၃၊ ၂၄ ကနေ စပြီးသုံးလို့ ရပါပြီ” ဟုပြောသည်။

လက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ဖောင်ကြီးတွင် အခန်းပေါင်း ၇၂၀ ကို သီးခြား နေထိုင်နိုင်ရန် ပြင်ဆင်ထားပြီးဖြစ်ကာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူလူနာ ၅၀၀ ကို စတင်ထားရှိနိုင်မည်ဖြစ် ကြောင်း သိရသည်။

“အခန်း ၇၂၀ သီးခြားနေလို့ ရအောင် ပြင်ဆင်ထားတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်၊ အလှူရှင်တွေနဲ့ပေါင်းပြီး အဲယားကွန်း တပ်ထားပြီးသား။ ဒီလို ပြုပြင်ပြောင်းလဲနေတာ နောက်ထပ်တစ်လမှာ ဖြစ်လာနိုင်တဲ့သူတွေနဲ့၊ နောက်ထပ် တစ်လခွဲမှာ ဖြစ်လာမယ့် သူတွေအတွက် ကြိုပြီးပြင်ဆင်ထားတာဖြစ်တယ်။ ရိုးရိုးလူနာ ၂၄၀၊ အောက်ဆီဂျင်ပေးရမယ့် လူနာ ၂၄၀၊ ICU ဝင်ရမယ့် လူနာ ၂၀ စုစုပေါင်း ၅၀၀ ကို စဖွင့်မယ်။ အဲဒီကနေတစ်ဆင့် လိုအပ်လာရင်လူနာ ၁၀၀၀၊ ၂၀၀၀ အထိ နေနိုင်အောင် စီစဉ်ထားတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ပြောသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူလူနာ သီးသန့်ထားရှိနိုင်သည့် ဆေးရုံများအဖြစ် အထက်မြန်မာပြည် (မန္တလေးတွင်)ကန်တော်နဒီဆေးရုံနှင့် (အောက်မြန်မာပြည်)တွင် ဝေဘာဂီ အထူးကုဆေးရုံ၊ တောင်ဥက္ကလာဆေးရုံ သုံးရုံသာ ရှိနေသေးသည်။

ကိုဗစ်-၁၉ ကုသရေးဌာန၊ (ဖောင်ကြီး) တည်ဆောက်ရခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က “ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပထမတော့ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) ရဲ့ တည်နေရာ၊ အကျယ်အဝန်းအနေအထားအရ ကိုဗစ်-၁၉ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာ လုပ်ဖို့ စိတ်ကူးတယ်။ ဒါပေမယ့် တကယ်တမ်း ကိုဗစ်-၁၉ အတွက်ကို သီးခြားကုတဲ့ ဆေးရုံကြီးတစ်ရုံ လိုအပ်လာမယ်ဆိုရင် အခြားသော ရောဂါတွေနဲ့ ရောကုရမယ့် အထွေထွေ ရောဂါကုဆေးရုံတွေမှာ ဒီရောဂါရှိသူတွေကို ကုလို့မဖြစ်ပါဘူး။ ဒါကြောင့် ဖောင်ကြီးမှာထားမယ့် Medical Center သည် ကိုဗစ်-၁၉ ရောဂါ သက်သက်ကိုသာ ကုသတဲ့ ဆေးရုံကြီး ဖြစ်သင့်တယ်ဆိုပြီး ဆေးရုံတစ်ရုံ တည်ဆောက်ဖို့ စီစဉ်တာပါ” ဟု ပြောသည်။

တည်ဆောက်ရေးလုပ်ငန်းများ စတင်

“ဧပြီ ၃ ရက်က စတင်တည်ဆောက်ပါတယ်။ ဖောင်ကြီးက မူလရှိရင်းစွဲ အဆောက်အဦတွေကို နိုင်ငံတကာ စံချိန်မီ ICU (အထူး ကြပ်မတ်ဆောင်)၊ လူနာခန်း၊ ကျန်းမာ ရေးဝန်ထမ်းတွေ နေထိုင်ဖို့ ဒါတွေအားလုံးဖြစ်အောင် အဖွဲ့အစည်းပေါင်းစုံ (မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၊ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲ မှု အာဏာပိုင်အဖွဲ့၊ ပုဂ္ဂလိကဆေးရုံများအသင်း၊ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၊ ဗဟိုဝန်ထမ်း တက္ကသိုလ်(ဖောင်ကြီး) ပါမောက္ခချုပ်နဲ့ အုပ်ချုပ်ရေးပိုင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ တပ်မတော်ဆေးအဖွဲ့) စတဲ့အဖွဲ့ပေါင်းစုံက အကုန်လုံး ဧပြီ ၃ ရက်က တည်ဆောက် ဆောင်ရွက် လိုက်ကြတာ ဒီနေ့ဆိုရင် အတော်လေး ပြည့်စုံနေပါပြီ” ဟု ဒေါ်နီလာကျော် က ပြောသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် ကိုဗစ်-၁၉ ကုသရေးဌာန (COVID-19 Medical Center) ထားရှိနိုင်ရေး ဆောင်ရွက်ရာတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကလည်း ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်၊ အောက်မြန်မာပြည် ပါမောက္ခချုပ် ဦးကျော်ဝင်းဟန်က “ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) က ပြည်ထောင်စုရာထူးဝန်အဖွဲ့ အောက်မှာရှိပါတယ်။ ဒီမှာ COVID-19 Medical Center တစ်ခု ဖြစ်ပေါ်လာတဲ့ ကိစ္စကတော့ မတ်လ ၂၇ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် လာကြည့်တယ်။ ကျွန်တော်တို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ကို တင်ပြတဲ့အခါ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးဖို့ လမ်းညွှန်ပါတယ်” ဟု ပြောသည်။

COVID-19 Medical Center (ဖောင်ကြီး)တွင် တစ်ခန်းလျှင် လူတစ်ဦးနှုန်းဖြင့် ၉၆ ဦး နေထိုင်နိုင်သည့် ဒဂုံဆောင်၊ မြတ်လေးဆောင်၊ အခန်း ၅၆ ခန်းပါဝင်ပြီး တစ်ခန်းလျှင် လူနှစ်ဦးနှုန်းနေထိုင်နိုင်သည့် ဥတ္တရ ဆောင်တို့မှာ လုံး၀ပြီးစီးနေပြီဖြစ်ကာ ဆေးကုသမှုပေးမည့်ဆရာဝန်များနှင့် ကျန်းမာရေးအထောက်အကူပြုများ နေထိုင်ကြမည် ဖြစ်သည်။

“ဒဂုံဆောင်၊ မြတ်လေးဆောင်နဲ့ ဥတ္တရဆောင်တွေမှာ ဆေးကုသမယ့် ဆရာဝန်တွေနဲ့ ကျန်းမာရေး အထောက်အကူပြုသူ ၂၀၈ ဦး နေထိုင်ပါတယ်။ အခုလက်ရှိမှာ ဆရာဝန်နဲ့ ကျန်းမာရေး အထောက်အကူပြု ၁၈၂ ဦး ရောက်ရှိနေထိုင်နေပါပြီ” ဟု ဦးကျော်ဝင်းဟန်က ပြောသည်။

ဆက်လက်၍ ပါမောက္ခချုပ် ဦးကျော်ဝင်းဟန်က “ကိုဗစ်-၁၉ Positive လူနာတွေ နေထိုင်ဖို့ သရဖီ၊ ခတ္တာ၊ ခွာညို၊ သဇင်၊ ယုဇန အဆောင်ငါးဆောင်ထားပါတယ်။ အဆောင်တစ်ဆောင်မှာ တစ်ယောက်ခန်းနဲ့ လူနာတွေ သီးသန့်နေထိုင်နိုင်တဲ့ အခန်းပေါင်း ၁၂၀ ရှိပါတယ်။ အခန်းတိုင်း အဲယားကွန်း တပ်ဆင်ပြီးဖြစ်ပါတယ်။ ရေချိုးခန်း၊ အိမ်သာ သီးသန့်စီစဉ်ပေးပြီး ဖြစ်ပါတယ်။ အခုချိန်မှာ Positive လူနာ ၆၀၀ ကို ထားရှိ ကုသပေးနိုင်တဲ့ အနေအထားပါ။ အထူးကြပ်မတ်ကုသဆောင် (ICU) အတွက် ကျွန်တော်တို့ဆီက စာသင်ဆောင် ငါးဆောင်မှာ ICU တစ်၊ နှစ်၊ သုံး၊ လေး လုပ်ပြီး ICU လူနာတွေ ထားပါမယ်။ ICU တစ်၊ နှစ်၊ သုံးမှာ ခုတင် ၁၀ လုံးစီရှိပြီး ICU လေးမှာ ခုတင် ခုနစ်လုံးရှိပါတယ်။ ICU လူနာ ၃၇ ဦးကို ကုသနိုင်တဲ့ အနေအထားပါ။ ဥက္ကလာစာသင်ဆောင်ကိုတော့ ICU လေးခုမှာ ကြပ်မတ်ကုသမယ့် ဆရာဝန်တွေ အနားယူ၊ စောင့်ကြပ်ဖို့ အခန်းလေးခန်း ဆောင်ရွက်ပြီး ဖြစ်ပါတယ်”ဟု ဖြေကြားသည်။

ကုသမှုအပိုင်း

ကိုဗစ်-၁၉ ကုသရေးဌာန (COVID-19 Medical Center) တွင် ဆရာဝန်နှင့် ကျန်းမာရေး အထောက် အကူပြုများကို ကျန်းမာရေးဝန်ကြီး ဌာနမှ ၅၀ ရာခိုင်နှုန်း၊ တပ်မတော် (ဆေး)က ၂၅ ရာခိုင်နှုန်း၊ ပုဂ္ဂလိက ဆေးရုံများမှ ၂၅ ရာခိုင်နှုန်းစီ ပါဝင် အားဖြည့်ထားကြောင်း ကြီးကြပ်မှု ကော်မတီမှ သိရသည်။

ရန်ကုန် ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက “ကုသတဲ့ နည်းပညာတွေ၊ ဆေးဝါးတွေ ကလည်း အခုချိန်မှာ WHO နဲ့ နိုင်ငံ တကာနဲ့ အဆင့်မီ ဆေးတက္ကသိုလ် (၁) နဲ့ ဆေးတက္ကသိုလ် (၂) က ပါမောက္ခတွေ ဦးဆောင်တဲ့အဖွဲ့နဲ့ ကုသဖို့ စီစဉ်ထားပါတယ်။ ကိုဗစ်-၁၉ အကြောင်း တိတိကျကျသိတဲ့သူ ကမ္ဘာ ပေါ်မှာ မရှိပါဘူး။ ကျွန်တော်တို့ မြန်မာ နိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့သူ အနည်းဆုံး တိုင်းပြည်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ သို့သော်လည်း အဆိုးဆုံးကိုလည်း ကျွန်တော်တို့က ပြင်ဆင်ထားဖို့လိုမယ်။ ကိုဗစ်-၁၉ ဖြစ်တဲ့ မတ် ၂၃ ရက်က စတင်တွက်မယ်ဆိုရင် နှစ်လ၊ နှစ်လခွဲဟာ ကျွန်တော်တို့ တိုင်းပြည်မှာ လူနာတွေ အများကြီးဖြစ်လာနိုင်တဲ့ အချိန်ပါ။ အဲဒီအချိန်မှာ ကျွန်တော်တို့ အဆင်သင့်ဖြစ်ဖို့ ပြင်ဆင်ထားဖို့လိုမယ်။ ဒါကြောင့် ကျွန်တော်တို့ ပြင်ဆင်နေတာဖြစ်ပါတယ်”

“ဆေးရုံကို ဖောင်ကြီးမှာ ဘာကြောင့် လုပ်ရသလဲဆိုရင် ကိုဗစ်-၁၉ ကို ရှိပြီးသားပြည်သူ့ ဆေးရုံတွေမှာ အဲဒီကနေ ဖြစ်လာတဲ့ အဖြေဟာ မကောင်းဘူးဆိုတာကို နိုင်ငံတကာမှာ တွေ့ထားပါပြီ။ ဒါကြောင့် ကျွန်တော်တို့က အခြားနဲ့ မဆက်သွယ် ဘဲ သီးခြားဆေးရုံတစ်ရုံ ဆောက်ဖို့လိုသလို ကိုဗစ်-၁၉ နဲ့ ပတ်သက် ပြီး အထူးကုသနိုင်တဲ့ ဆေးရုံဖြစ်ဖို့လိုတယ်။ ICU (အထူးကြပ်မတ်ကုသ ဆောင်)ဆိုရင်လည်း နိုင်ငံတကာက ICU ပုံစံဖြစ်အောင် ပြောင်းလဲနေတယ်။ ကုတဲ့သူတွေလည်း ပိုးမကူးအောင်၊ ကုသနေတဲ့ လူနာတွေလည်း ရောဂါကို အကောင်းဆုံးကုနိုင်အောင် ပြင်ဆင်ထားတယ်။ နောက်အောက်ဆီဂျင် ပေးလို့ရတဲ့ အခန်းပေါင်း ၂၄၀ ကို ဆလင်ဒါတွေနဲ့ပေးဖို့ အဆင်သင့် ဖြစ်နေပြီ။ နောက်လေး ငါးရက်ဆို Liquid Oxygen နဲ့ ပေးဖို့ အဆင်သင့် ဖြစ်ပါမယ်။ လူ ၂၄၀ ကို သူ့အခန်းနဲ့သူ တစ်ပြိုင်နက်တည်း အောက်ဆီဂျင်ပေးနိုင်အောင် ကျွန်တော်တို့ စီစဉ် ထားပြီးဖြစ်ပါတယ်။ လူ ၂၄၀ ကို အဲဒီလို ပေးနိုင်တဲ့ဆေးရုံ မြန်မာနိုင်ငံမှာ မရှိပါဘူး။ အရှေ့တောင်အာရှမှာ တောင် ရှိပုံမရဘူး။ အဲဒီလို ပြင်ဆင်ထားတယ်” ဟု ပြောသည်။

ကိုဗစ်-၁၉ ကုသရေးဌာန ရန်ကုန်(ဖောင်ကြီး) ဖွင့်လှစ်နိုင်ရေးအတွက် လမ်း၊ အဆောက်အဦ၊ လူနာများ အသုံးပြုရန် အောက်ဆီဂျင်၊ ဆေးရုံသုံး အမှိုက်စွန့်ပစ်မှုနှင့် စီမံအုပ်ချုပ်မှုအပိုင်း၊ ကုသမှုအပိုင်းများကို စနစ်တကျဆောင်ရွက်ထားရှိပြီးဖြစ်ကာ မကြာမီ ကိုဗစ်-၁၉ လူနာများအား လက်ခံထားရှိ ကုသပေးနိုင်တော့ မည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကုသရေး ဌာန ရန်ကုန်(ဖောင်ကြီး) ကြီးကြပ်မှု ကော်မတီမှ သိရသည်။

သတင်း - ရဲခေါင်ညွန့်

ဓာတ်ပုံ - ဇော်မင်းလတ်

 

94381778_2555084511398708_8229316175616540672_o