ဘိုးတော်ဘုရားနှင့် အောင်ပင်လယ်ကျောက်စာ


ဆူးငှက်

“ရှုတိုင်းငယ်စို 
မြရေညို၊ တောင်သမန်နှင့်
မြောင်ပတ်ရံဆီး၊ 
မီးစုံပွင့်ရေ 
ဗျာသိုက်ကယ် ရန်အောင်မြွေမဲ့ 
ဗန်းခေါင်ဗွေ ညာမြေဖော့မှာ 
ဘိုးတော့်ပြည်ကြီး”
(ရှေးစာဆို)

သုံးရာသီအလှ တောင်သမန်အင်း

ဘိုးတော်ဘုရားက အမရပူရကို အမြော်အမြင်ကြီး စွာဖြင့် တည်ခဲ့သည်ဟု ဆိုရပေမည်။ ရွှေမြို့တော်၏ ဥတုရာသီ သပ္ပာယ မျှတရေးအတွက် နဂိုရှိပြီး သုံးရာသီ အလှ တောင်သမန်အင်းကို မူတည်စဉ်းစား။ မြတ်စွာ ဘုရားက နတ်ဘီလူး တောင်သမန်ကို ပေးခဲ့သော ဗျာဒိတ်တော်နှင့်လည်း ကိုက်ညီနေသည်။

တောင်သမန်အင်းကတော့ အမရပူရအတွက် ဘုရားရှင်ပေးခဲ့သော ဗျာဒိတ်တော်နှင့်အတူ ရရှိခဲ့သော ဆုလာဘ်ဖြစ်မည်။ ထို့နောက် မြို့တော်၏ဦးထိပ်မှာ ဇောင်းကလောကန်ရှိသည်။ အရှေ့ တောင်အရပ်မှာ တမုတ်ဆိုးကန်ရှိသည်။ မြို့တော်၏ အနောက်ခြမ်းမှာ တက်သိမ်းအင်းရှိသည်။ ထိုမျှမက ဘေးလောင်းတော် ဘိုးလောင်းတော်တို့၏ တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်အဖြစ် မြို့တော်၏ အရှေ့ယွန်းယွန်းမှာ အလျား တာပေါင်း ၃၀၀၀ (ခုနစ်မိုင်ခန့်) ရှိ အောင်ပင်လယ် ကန်ရှိသည်။


တစ်ဖက်ဆည်ကန်ဖြစ်သော “ကန်တိလိ"

အောင်ပင်လယ်ကန်က အလောင်းစည်သူမင်း၏ သားတော် မင်းရှင်စောက သက္ကရာဇ် ၅၁၃ ခုနှစ်တွင် ဆည်ဖို့ခဲ့သော ကန်ဖြစ်သည်။ နဂိုမူလတစ်ဖက်ဆည်ကန် ဖြစ်သော “ကန်တီလီ” ကို ပြောင်းသုံးသွယ်ဖြင့် လယ်ပယ်သုံးသောင်း ရေပေးနိုင်သည့်ကန်ကြီးအဖြစ် ဆည်ဖို့လုပ် ဆောင်ခဲ့ခြင်းဖြစ်၏။ ဘိုးတော်ဘုရား အမရပူရထီးနန်းကို တည်ထောင်ချိန်တွင် ကန်သက်တမ်းက နှစ်ပေါင်း ၆၅၀ နီးပါးရှိနေပြီမို့ ပြုပြင်ရန် လိုအပ် နေ၏။ 

ထို့ကြောင့် သက္ကရာဇ် ၁၁၅၁ ခုနှစ်တွင် ဘိုးတော်ဘုရားက အောင်ပင်လယ်ကန်ကြီးကို ပြန်လည်ပြင်ဆင်ဖို့ ဆည်ဖို့တော်မူခဲ့သည်။ တကယ်တော့ အောင်ပင်လယ် ကန်ကို ဘိုးတော်ဘုရား စတင်ပြင်ဆင်သည်က အမရပူရ ရွှေမြို့တော်တည်ပြီး ၁၁၄၇ ခုနှစ်ကတည်းက ဖြစ်သည်။ ရာဇဝင်များမှာတော့ ၁၁၅၀ ပြည့်နှစ် နယုန်လတွင် ပြီးစီးအောင်မြင်သည်ဟုဆိုး ကန်ပေါင်တွင် စိုက်ထူခဲ့သော ဘိုးတော်ဘုရား၏ အောင်ပင်လယ်ကျောက်စာ များမှာတော့ ၁၁၅၁ ခုနှစ်ဟု ပါရှိသည်။ 

တပ်အင်္ဂါ အခင်းအကျင်းနှင့် 

ဘိုးတော်ဘုရားက အောင်ပင်လယ်ကန်ကို ပြုပြင်ရာတွင် သားတော်ကြီး အိမ်ရှေ့ဥပရာဇာ ရွှေတောင်မင်းကို ကြီးကြပ်စေပြီး မင်းညီမင်းသား မှူးတော်မတ်တော်များ ကိုယ်တိုင် ဦးစီးဆောင်ရွက်စေ၏။ သက္ကရာဇ် ၁၁၅ဝ ပြည့် နှစ်တွင် ဘိုးတော်ဘုရားကိုယ်တိုင် အောင်ပင်လယ်ရွာ၏ အရှေ့ဘက်ရှိ ယာယီစံနန်းတော်သို့ တပ်အင်္ဂါ အခင်းအကျင်းနှင့် ထွက်တော်မူ၊ စံတော်မူရင်း ကြည့်ရှုခဲ့သည်။ ထိုနေ့ကား ၁၁၅ဝ ပြည့်နှစ် နယုန်လပြည့် တနင်္လာနေ့ဟု ဆိုသည်။ ထိုအကြောင်းအရာကို အောင်ပင်လယ်ကျောက်စာ၌ “...သက္ကရာဇ် ၁၁၅၁ ခု မိဂ္ဂသီနှစ် ကဆုန် လပြည့်နေ့၊ မြေနန်းတော်ထက် နှစ်သစ်မင်္ဂလာ အခါတော်နှင့် တစ်ပြိုင်နက် ဖူးမြော်ဆက်သခံတော်မူ၍ နွယ်တော်ရင်းစစ် ဖြစ်တော်မူသော ဘေးလောင်းတော်လှေစကြာသခင် နရပတိစည်သူမင်းကြီး၏ ဖကြီးတော် အလောင်းစည်သူမင်းကြီး၏သား နရသူမင်း၏ အစ်ကိုနောင်ချစ် မင်းလျာဖြစ်သော မင်းရှင်စောသည် သက္ကရာဇ် ၅၁၃ ခု ဆည်တော်မူသော အလျားတာသုံးထောင်၊ လယ်ပယ်သုံးသောင်း၊ မြောင်းသုံးသွယ်တို့ဖြင့် အလွန်ကြီး ကျယ်သော၊ကန်တိလိအမည်ရှိသော အောင်ပင်လယ်ကန်တော်ကြီးသည် ဆည်ရိုးကန်ပိုင် မခိုင်ယိုယွင်း ပျက်စီး သည်ကို ဘေးလောင်းတော်တို့ အရိုက်အရာမပျက်ကောင်းပလေဟု သဗ္ဗညုတဉာဏ်၏ အဆောက်အအုံကို ရည်တော်မူလျက် ပြည်သူပြည်သားတို့ စီးပွားချမ်းသာ ဖြစ်စေလို၍ နှစ်သစ်အခါမှ ရက်သုံးဆယ်၊ ရာသီမေထုန်၊ နယုန်လပြည့် တနင်္လာနေ့၊ မင်းတို့ဓမ္မတာ လယ်ထွန်မင်္ဂလာ ထွက်စံတော်မူ၍ မင်းမိဖုရား၊ မင်းညီမင်းသား၊ မှူးတော်မတ်တော်၊ ကတော်စိုး၊ မင်းတို့နှင့်တကွ၊ ရွှေမြို့တော်နေ၊ တစ်အိမ်တစ်ယောက်၊ နောက်တော်ပါ အသိန်းမကသော ဗိုလ်အထုနှင့်”ဟူ၍ ရေးထိုးမှတ်တမ်း တင်ခဲ့၏။

“စံ”သတ်မှတ်ချက်များ

ဘိုးတော်ဘုရားက အောင်ပင်လယ် လယ်တောနန်းတော်တွင် ခေတ္တစံနေတော်မူ၍ အောင်ပင်လယ်ကန်၊နန္ဒာကန်၊ ရွှေလောင်းမြောင်းများ ပြင်ဆင်ဆည်ဖို့တော်မူ နေစဉ် လယ်လုပ်သူ၊ လယ်လုပ်သားတို့ကို လယ်မြေ ပယ်နယ်နိမိတ် သတ်မှတ်ပေးမည်။ အစု အမှုထမ်း၊ လမိုင်းသားတို့ကို ပယ်နယ်နိမိတ်အပိုင်းအခြားနှင့် တစ်ကိုယ်ကြေး ပေးဝေချေထားမည်ဟု ကြံရွယ်တော်မူရင်း ချထားပေမည့် လယ်ပယ်နယ်နိမိတ်များ တိုင်းတာမှတ်သားရာတွင် နယ်မြေဒေသ ဒေသန္တရအလိုက် အတိုင်းအထွာ၊အခေါ်အဝေါ်များ ကွဲပြားခြားနား မတူညီမှုကို သတိပြုတော်မူ၏။ ထို့ကြောင့် နောင်အချိန် အငြင်းပွား၊ ပဋိပက္ခ မဖြစ်ပွားရလေအောင် သံတော်ဆင့်တို့ကို စေ၍ သာသနာပိုင် မောင်းထောင်ဆရာတော်ထံ အစဉ်အဆက်သုံးစွဲခဲ့သော ဧရိယာအတိုင်းအထွာကိုသာမက အခြင်အတွယ်၊ ပမာဏ “စံ” ကိန်းဂဏန်းတို့ကို “မူ”အဖြစ် သတ်မှတ်ပေးတော်မူပါမည့်အကြောင်း လျှောက်ထားခဲ့သည်။ ထို့ကြောင့် သာသနာပိုင် ဆရာတော်ကြီးက မြန်မာတို့၏ အတိုင်းအထွာ၊ အခြင်အတွယ်၊ အလေးချိန်တို့၏ “စံ” သတ်မှတ်ချက်များကို ရေးသွင်းပေးခဲ့၏။

ပယ်ပုံတော် ကျောက်စာ

ထိုရေးသွင်းသတ်မှတ်ချက်များကို ကျောက်စာတွင် | စနစ်တကျရေးထိုး၍ မဟာမုနိဘုရားကြီး၏ အရှေ့တောင်ထောင့်အရပ်တွင် စိုက်ထူထားရှိခဲ့သည်။ သက္ကရာဇ် ( ၁၁၅၃ ခုနှစ်က စိုက်ထူခဲ့သော ကျောက်စာမှာ နှစ်ချပ်ဖြစ်ပြီး “ပယ်ပုံတော် ကျောက်စာ” ဟု အမည်တွင်သည်။
ကျောက်စာနှစ်တိုင်မှာ အရှေ့၊ အနောက် မနီးမဝေး စိုက်ထူထားပြီး “လောကတ္ထစရိယဖြစ်သော ပကတိပယ်ကို မင်္ဂလာဘုံကျော်ကျောင်းတော်မဟာရံ အရှေ့တောင်ထောင့်ကသည် နှစ်ဆယ့်ငါးတာတောင်သို့ ခွာ၍ အရှေ့မျက်နှာ ရှစ်တာတွင် တညီတညွတ် ကျောက်တိုင် လေးထောင့် ပတ်လျက်ထားသတည်း” ဟု ကျောဖက် စာကြောင်းရေ ၁၉ တွင် ပါရှိသည်။

ဧရိယာအကျယ်အဝန်း အတိုင်းအထွာနှင့် ပတ်သက်၍ အလျား ၂၅ တောင်၊ အနံ ၂၅ တောင် စတုရန်းကို “ပကတိပယ်” ဟု သတ်မှတ်ခဲ့ပြီး ယင်း၏ ၂ ဆကို “မင်းပယ်” ဟု သတ်မှတ်ခဲ့သည်။ အငြင်းအပွားမဖြစ်ရန်အတွက် ထို “ပကတိပယ်” နှင့် “မင်းပယ်”အတိုင်းအထွာအတိုင်း ပကတိအရှိ အကျယ်အဝန်းကိုလည်း ကျောက်တိုင်လေးတိုင်၊ ထောင့်လေးထောင့်၌ စိုက်ထူပြီး မြေလွတ်မြေကွက်အဖြစ် နမူနာပြထားခဲ့၏။ ထိုကျောက်စာများနှင့် ကျောက်တိုက်များ သတ်မှတ်ပြဆိုထားသည့် မြေကွက်နမူနာများကို တံတိုင်းခတ် ကာရံပြီး “ပယ်ပုံတော်ဝင်း” ဟု သတ်မှတ်ပေးခဲ့ သည်။

မတ္တရာမှ တက်သိမ်းအင်းအထိ တာပေါင်း ၂၇၀၀၀ ကျော် 

ဘိုးတော်ဘုရားသည် အောင်ပင်လယ်ကန်၊ နန္ဒာကန်၊ ရွှေလောင်းမြောင်းတို့ တူးဖော်ဆည်ဖို့ခြင်း၊ ပယ်ပုံတော်ကျောက်စာများကို ပယ်ပုံတော်ဝင်းဖြင့် စနစ်တကျ နေရာချသတ်မှတ်ပေးခြင်းတို့နှင့် အတူ လယ်ယာကိုင်း သီးနှံတို့ ဖြစ်ထွန်းသည့် မတ္တရာနယ်မှ အမရပူရ မြောက်ပြင်တိုင်၊ လယ်ရေပေးရေးနှင့် ကူးသန်းသွားလာရေးအတွက် အဆင်ပြေစေရန် မတ္တရာမှ တက်သိမ်းအင်းအထိ တာပေါင်း ၂၇၀၀၀ ကျော်ရှည်သော “နှဲကုပ်သို့” မြောင်းကို ရှေ့တော်ဝင်းမှူး ဦးရောက်ကြီးအား ကြီးကြပ်စေ၍ တူးဖောက်ခဲ့သည်။ အဆိုပါမြောင်းက နောင်တွင် ရွှေတချောင်းအမည်တွင်ခဲ့ပြီး မန္တလေးရတနာပုံနေပြည်တော် တည်သောအခါ ဈေးချိုတော်နှင့် မလွန်ဈေးတွက် မတ္တရာမှ ကုန်ပစ္စည်းများ တင်ပို့သွားလာရာ ရေကြောင်းအဖြစ် အသုံးဝင်ခဲ့သည်။

မင်းတုန်းမင်းခေတ်တွင်လည်း အကြီးစား ပြန်လည်ပြုပြင်

အမရပူရ ပထမမြို့တည်နန်းတည် ဘိုးတော်ဘုရား ပြန်လည်ဆည်ဖို့ခဲ့သော အောင်ပင်လယ်နှင့် နန္ဒာကန် တို့အား မင်းတုန်းမင်းခေတ်တွင်လည်း အကြီးစား ပြန်လည်ပြုပြင်ဆည်ဖို့ရန် လယ်လုပ်သားတို့အကျိုးကိုဆောင်ရွက်ပေးတော်မူခဲ့၏။ ၁၉၀၂ ခုနှစ် အင်္ဂလိပ်အစိုးရ ခေတ်တွင်ဆည်တော်ကြီးမှ မန္တလေးတူးမြောင်း ဖောက်ကာ မြောင်းသွယ်၊ မြောင်းလက်တံ အသီးသီးဖြင့် ဆည်ရေပေးစေပြီး အောင် ပင်လယ်ကန်တွင်း လက်ကျန်ရေကို ဖောက်ထုတ်ကာ လယ်ယာများ ချထားပေးခဲ့၏။ ယခု အောင်ပင်လယ်က လယ်ယာများမှာ တန်ဖိုးကြီး မြို့ပြမြေကွက်များအသွင်ပြောင်းကာ လယ်ရေပေးခဲ့သည့် ရေနီမြောင်းအပါအဝင်၊ မြောင်းသွယ်အများစုက ရေဆိုးမြောင်းအသွင် မထင်မရှား ဖြစ်နေချေပြီ။ တစ်ချိန်က လောင်းလှေ၊ ကက္ကူလှေများ နှင့် ကုန်စည်သယ်ပို့ခဲ့သော ရွှေတချောင်းကား မြို့လယ်ကောင်က ယင်တလောင်းလောင်းနှင့် ရေဆိုး ရေပုပ်မြောင်းကြီး ဖြစ်ချေပေါ့။

ကြီးမြတ်သော ကရုဏာတော်ဖြင့်

ဘိုးတော်ဘုရားကအောင်ပင်လယ်ကန် ပြန်လည်ဆည်ဖို့ပြီး အနီးအနား ကျေးလက်လူထုအတွက် လယ်ယာမြေများ စနစ်တကျ ခွဲဝေချထားပေးသနားရာ၌ အထောက် အကူဖြစ်စေခဲ့သော “ပယ်ပုံတော်” ကျောက်စာဝင်းကြီးမှာ လည်း “နမူနာစံပြ” မြေကွက် မြေလွတ်များအတွင်ေး လွန်ခဲ့သော နှစ် ၃၀ ဝန်းကျင်ကတည်းက အကွက်ရိုက် နေရာချလိုက်ပါပကော...။
ကြေးမုံ