ဗဟိုခံစစ်ကစားသမား ကက်စတိတ်ကို လက်စတာအသင်း ခေါ်ယူ

  စက်တင်ဘာ

ပရီမီယာလိဂ်ကလပ် လက်စတာအသင်းသည် ဘယ်လ်ဂျီယံ ဗဟိုခံစစ်ကစားသမား တင်မိုသီ ကက်စတိတ်ကို အတ္တလန္တာအသင်းမှ ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ သို့သော်လည်း အဆိုပါကစားသမား၏ ပြောင်းရွှေ့ကြေးကိုမူ ဖော်ပြထားခြင်း မရှိပေ။

အသက်(၂၄ နှစ်)အရွယ် ကက်စတိတ်သည် အတ္တလန္တာအသင်းသို့ ဂျန့်ခ်အသင်းမှ ၂၀၁၇ ခုနှစ်တွင် ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၉၆ ပွဲ ပါဝင်ကစားထားကာ ရှစ်ဂိုးသွင်းယူပေးထားနိုင်သူဖြစ်သည်။ စွယ်စုံရ ဗဟိုခံစစ်ကစားသမားဖြစ်သူ ကက်စတိတ်သည် တောင်ပံတွင်လည်း ကစားနိုင်သူဖြစ်သည်။ အဆိုပါ ကစားသမားအနေဖြင့် လက်စတာအသင်းမှ ဘင်ချီဝဲလ် ချယ်ဆီးအသင်းသို့ ပြောင်းရွှေ့ရောက်ရှိသွားပြီးနောက် နည်းပြရော်ဂျာ၏ လက်စတာသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ကက်စတိတ်သည် မိခင်နိုင်ငံ ဘယ်လ်ဂျီယံအသင်းအတွက် ၂၀၁၈ ခုနှစ်တွင် ပွဲဦးထွက် ကစားခဲ့ပြီး စုစုပေါင်း ခုနစ်ပွဲ ပါဝင်ကစားထားကာ နှစ်ဂိုး သွင်းယူပေးထားနိုင်သူ ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ရာသီက အတ္တလန္တာအသင်းအတွက် ပြိုင်ပွဲစုံ ၃၃ ပွဲတွင် နှစ်ဂိုးသွင်းယူပေးထားနိုင်သူဖြစ်သည်။

ပြီးခဲ့သည့်လတွင် လက်စတာ အသင်းသည် အသင်းမှ အဓိက ကစားသမားတစ်ဦးဖြစ်သူ ဂျေမီဗာဒီကို သုံးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ ၎င်းသည် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီတွင် လက်စတာအသင်း အတွက် လိဂ် ၃၅ ပွဲ ပါဝင်ကစားထားပြီး ၂၃ ဂိုး သွင်းထားနိုင်သောကြောင့် ပရီမီယာလိဂ် ရွှေဖိနပ်ဆုကို ဆွတ်ခူး ရရှိခဲ့သူဖြစ်သည်။ ထို့အပြင် လက်စတာအသင်းသည် မန်ယူအသင်းက ခေါ်ယူရန် ချဉ်းကပ်နေသော ဂျိမ်းစ်မက်ဒီဆင်ကိုလည်း လေးနှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။

လက်စတာအသင်းသည် ပြီးခဲ့သည့်နှစ် ဘောလုံးရာသီ ပိတ်သိမ်းချိန်၌ ပရီမီယာလိဂ် အမှတ်ပေးဇယားတွင် အဆင့်(၅)နေရာ၌ ရပ်တည်နိုင်ခဲ့သောကြောင့် လာမည့်နှစ် ယူရိုပါလိဂ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ ၂၀၂၀-၂၀၂၁ ရာသီ ပရီမီယာလိဂ် အဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာ ၁၃ ရက်တွင် တန်းတက် ဝက်စ်ဘရွန်း အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။

အောင်ဇော်