ဗဟိုစံပြငါးစျေး အလုံးစုံ အမြန်ဆုံးပြန်ဖွင့်ရန် စျေးသူစျေးသားများ မျှော်လင့်နေ

ရန်ကုန်   ၁  ဇွန်

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ ဗဟိုစံပြငါးစျေးကြီးသို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ဆောင်ရွက်မှုကာလအတွင်း ရေလမ်းမှ စက်လှေငါးများသာ ဝင်ရောက်ခွင့်ပြုပြီး ကုန်းလမ်းမှ ဝင်ရောက်လာသော ရေခဲငါးကားများ ဝင်ရောက်ခွင့် ယာယီပိတ်ထား၍ စျေးသူစျေးသားများက ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်ရေးနှင့် စျေးလုပ်သားများ လုပ်ငန်းခွင် ထိခိုက်မှု မရှိစေရေးတို့အတွက် စျေးကြီးကို ရေလမ်းသာမက ကုန်းလမ်းကြောင်း ငါးစျေးကွက် မပျက်ရေး အမြန်ဆုံးပြန်လည်ဖွင့်လှစ်သွားရန် မျော်လင့်လျက်ရှိသည်။

အဆိုပါစျေးကြီးသို့ ကုန်းလမ်းကြောင်း မွေးမြူရေး၊ ငါးများပြန်လည်ဝင်ရောက် ရောင်းချခွင့်ပြုနိုင်ရေး မွေးမြူရေး ရေလုပ်ငန်းရှင်များ၊ ငါးအဝယ်ဒိုင်များ၊ စျေးသူစျေးသားများ၊ စျေးသာယာရေးအဖွဲ့များ ပါဝင်သော သတင်းမီဒီယာ ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါငါးစျေးကြီး၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စျေးကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှု ဆောင်ရွက်စဉ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တစ်ပတ်နှစ်ကြိမ် အထူးသန့်ရှင်းရေး ပြုလုပ်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ စျေးအဝင်ဝ ဝင်ပေါက်အသီးသီး၌ ကိုယ်ပူချိန်တိုင်းခြင်း၊ လက်ဆေးကန်များ ထားရှိခြင်းတို့ကို ဖြည့်ဆည်းဆောင်ရွက်ထားကြောင်း စျေးသာယာရေးရုံး၊ ရုံးအဖွဲ့မှူး ဦးကျော်လွင်က ပြောသည်။ “ယခုဆိုရင် ဒီစျေးကြီးကို ပိတ်ထားတဲ့ကာလက ရက်ပေါင်း ၄၀ ရှိသွားပြီဖြစ်ပါတယ်။ ကျွန်မတို့ဒီကာလမှာ စျေးထဲမှာ အလုပ်လုပ်နေတဲ့ ကလေးတွေ အလုပ်လက်မဲ့မဖြစ်အောင် မနည်းရုန်းကန်ကြိုးစားနေရပါတယ်။ ငါးအရောင်းအဝယ် လုပ်ကိုင်နေသူတွေဆိုရင်လည်း ပုံမှန်ငါးဝင်ခွင့် မပေးတဲ့အတွက် အရှုံးနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒါကြောင့် အမြန်ဆုံးပြန်လည် ဖွင့်လှစ်ပေးပါလို့ မေတ္တာရပ်ခံ တောင်းဆိုပါတယ်"ဟု ရေလုပ်ငန်းရှင်ဒေါ်အေးအေးမိုးက ပြောသည်။

 

mdn

 

အဆိုပါငါးစျေးကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြီးခဲ့သည့် ဧပြီ ၂၄ ရက်မှစတင်ကာ စျေးအတွင်း ကုန်းလမ်းကြောင်း မွေးမြူရေးငါးများ ဝင်ရောက်မှုကို ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

 

သို့သော်အဆိုပါ ငါးစျေးအတွင်း ရေလမ်းကြောင်း စက်လှေဖြင့် ဝင်သောငါး ၂၀ ရာခိုင်နှုန်းသာရှိပြီး ကုန်းလမ်းကြောင်း ငါးဝင်ရောက်မှုမှာ ၈၀ ရာခိုင်နှုန်းရှိကြောင်း၊ နေ့စဉ်ငါးပိဿာချိန် ၄ သိန်းမှ ၅ သိန်းကြား ဝင်ရောက် ရောင်းဝယ်ဖောက်ကားသော စျေးကြီးလည်း ဖြစ်ကြောင်း သိရသည်။

“ကျွန်‌တော်ဆိုရင် ဒီစျေးကြီးကို မွေးမြူရေးကန်ငါး ပို့တာ ၇ နှစ်၊ ၈ နှစ်ရှိပြီ။ အခုအလုပ်သမား ၆ ယောက်ကို တစ်ရက် ၈၀၀၀ ကျပ်နှုန်းနဲ့ ရှင်းပေးနေရတယ်။ သိန်း ၅၀ လောက်ရှုံးသွားပြီ။ ငါးတွေမပို့ရတော့ အတော်လေးကို ခက်ခဲပါတယ်။ ဒါကြောင့် အမြန်ဆုံးပြန်ဖွင့်ပေးပါလို့ မေတ္တာရပ်ခံပါတယ်” ဟု ရေလုပ်ငန်း လုပ်ကိုင်နေသူ ဦးဝင်းထူးအောင်က ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အဆိုပါငါးစျေးကြီးအတွင်း လူစုလူဝေး မဖြစ်စေရန် ရွှေပိတောက် ငါးစျေးကြီးသို့ ပြောင်းရွှေ့ရောင်းချရန် ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်ဆိုင်ခန်းစျေးနှုန်းမှာ ယခင်က ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၃၀၀ သာ ရှိရာမှ ယခု ကျပ်သိန်း ၇၀၀ အထက် ခုန်တက်သွားခဲ့ကြောင်း၊ ဆိုင်ခန်းငှားခမှာလည်း ယခင်က ကျပ် ၃၀၀၀၀ သာရှိရာမှ ယခုကျပ် ၅ သိန်းခန့်ရှိကြောင်း၊ သို့အတွက် ငါးဒိုင်များ ပြောင်းရွှေ့ဖွင့်လှစ်ရောင်းချရန် အခက်အခဲများ ရှိကြောင်း ရေလုပ်ငန်းရှင် ဦးမျိုးဝင်းက ပြောသည်။

ကြည့်မြင်တိုင် ဗဟိုစံပြ ငါးစျေးကြီးတွင် နေ့စဉ် ငါးအရောင်းအဝယ် ပိဿာချိန် ၄ သိန်းမှ ၅ သိန်းကြားရှိပြီး ငါးအဝယ်ဒိုင် ၁၄၆ ဒိုင်နှင့် နယ်ပို့လုပ်ငန်းလုပ်ကိုင်သူ ၈၅ ဦး ရှိကြောင်း၊ ရေခဲခွဲငါး သယ်ပို့လုပ်ကိုင်သူ ၃၀၀၀ ကျော်ရှိကြောင်း၊ ငါးခြစ်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး ၂၀၀ ကျော် ရှိကြောင်း သိရှိရသည်။

သတင်းနှင့် ဓာတ်ပုံ - အာကာလင်း