ဘီအေမောင်ဘလွင်ဝတ္ထု

မြင့်ဆွေဦး

 

သိပ္ပံမောင်ဝသည် မောင်သံချောင်း၏ ပေးစာများကို ရေးသားခဲ့ရာ အမှတ်(၈)တွင် တက္ကသိုလ်နောက်ခံဝတ္ထု များအကြောင်း ရေးသားခဲ့ဖူးသည်။

 

“…..တက္ကသိုလ်ဝတ္ထုတွေအကြောင်း ရေးရဦးမယ်။ တစ်မတ်တန်ဝတ္ထုတွေမှာဖြစ်ဖြစ်၊ မဂ္ဂဇင်း ဝတ္ထုတွေမှာဖြစ်ဖြစ် တက္ကသိုလ်ကျောင်းအကြောင်း၊ တက္ကသိုလ်ကျောင်းသားများ အကြောင်းတွေကို မကြာမကြာ ရေးလေ့ရှိကြတယ်ဗျ။ ကျွန်တော်တို့ကတော့ တက္ကသိုလ်ကျောင်းကို မရောက်ဖူးလေတော့ တက္ကသိုလ်ကျောင်းသားများ ဘယ်လိုစာသင်ကြ တယ်၊ ဘယ်လိုနေကြတယ်၊ ဘယ်လို ကစားခုန်စားပြုလုပ်ကြတယ်၊ တက္ကသိုလ်မှာ ဘယ်လိုအုပ်ချုပ်တယ် စတဲ့အကြောင်းတွေကို သိချင်လို့ အခုပြောတဲ့ ဝတ္ထုတွေကို သတိထားပြီး ဖတ်မိတာပဲ။ ဝတ္ထုရေးဆရာတွေဟာ တချို့လည်း တက္ကသိုလ်ကျောင်းသားတွေ၊ တချို့လည်း တက္ကသိုလ် ကျောင်းထွက်တွေ၊ တချို့လည်း တက္ကသိုလ်ကို မရောက်ဖူးတဲ့ စာရေးဆရာတွေပေါ့ဗျာ။ သို့ပေမယ့် တူတဲ့အချက်က ဘယ်သူပဲရေးရေး တက္ကသိုလ်ကျောင်း အကြောင်းပါရင် ဇာတ်လိုက်လုပ်တဲ့သူဟာ ခပ်နောက်နောက် ခပ်တေတေ ဖြစ်ရမယ်။ အတန်းထဲမှာ ဒုတိယခုံမှာထိုင်ရမယ်။ မိတ်ဆွေ တွေက သူ့ကိုနောက်ရမယ်။ ပထမခုံမှာ မိန်းကလေးတွေ လာထိုင်ရင် မျက်တောင်မခတ်ကြည့်ရမယ်။ နောက်ပြီး မရရအောင်ပိုးရမယ်။ လက်ကိုင်ပဝါကလေးကျလို့ ကောက်ပေးရမယ်။ ဖိနပ်မှားလို့ လိုက်ပေးရမယ်။ စာအုပ်ငှားလို့ စာထည့်ပေးရမယ်။ ဒီလိုနဲ့ တစ်နည်းနည်းနဲ့ တွေ့ရောဆိုပါတော့။ နောက်တော့ တစ်ယောက်နဲ့တစ်ယောက် အထင်မှားကြရော။ ယောကျ်ားလုပ်သူက ရူးတဲ့အခါမှာရူး၊ အရက်သောက်တဲ့အခါသောက်၊ အဆိပ်ဆေးသောက်တဲ့ အခါသောက်၊ မိန်းကလေးကကြာတော့ သနား၊ နောက်ဆုံး ကျတော့ ညားတာပါပဲ။ အဲဒါတက္ကသိုလ်အကြောင်းပါတဲ့ ဝတ္ထုတွေပါပဲဗျာ။ ဒါမျိုးချည်းပဲ။ ဒီစာမျိုးကို ဖတ်ရုံနဲ့ တက္ကသိုလ်ကျောင်းအကြောင်း ဘာကောင်းကောင်းသိမလဲဗျာ။ တက္ကသိုလ် ကျောင်းသမဂ္ဂအသင်းအကြောင်း၊ စာသင်ကြားရေး အကြောင်း၊ အုပ်ချုပ်ရေးအကြောင်း၊ ပေါင်းသင်းဆက်ဆံရေးအကြောင်း၊ အသုံးအစွဲမှစပြီးတော့ တက္ကသိုလ် ကျောင်းကို မရောက်ဖူးတဲ့သူတွေ၊ သိသင့်သိထိုက်တဲ့အကြောင်းတွေ ရေးသားတဲ့ စာအုပ်တစ်အုပ် လောက်ပေါ်ရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိသဗျာ။ ကိုလှ မိတ်ဆွေ တက္ကသိုလ်ကျောင်းသားတွေကို ပြောလိုက်စမ်းပါ။”

 

“တက္ကသိုလ်ဝတ္ထုတွေအကြောင်း ရေးလို့ရှိမှဖြင့် ဘီအေမောင်ဘလွင်ဝတ္ထုအကြောင်း ရေးလိုက်ရဦးမယ်။ အဲဒီဝတ္ထုထဲ မှာ လွန်ခဲ့တဲ့အနှစ် ၂၀ လောက်က ရန်ကုန် တက္ကသိုလ်ကျောင်းသားများ နေထိုင်ကြပုံ၊ ပေါင်းသင်း ဆက်ဆံကြပုံ အကြောင်းတွေကို ရေးသားထားလိုက်တာ တော်တော်နေရာကျသဗျ။ အခန်းထဲမှာ ခပ်ခွကျကျ ကျောင်းသား တစ်ယောက်နဲ့ အတူနေရလို့ စိတ်ညစ်ရကြောင်း၊ ဗုဒ္ဓဘာသာအသင်းမှာ မြန်မာပညာရှိပုဂ္ဂိုလ် တစ်ဦး မြန်မာစာပေ အကြောင်း လာရောက်ဟောကြားကြောင်း၊ ကျောင်းသားများ ဘောလုံးကစားသည့် အကြောင်း၊ ကျောင်းသားများ တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံကြပုံ အကြောင်းများကို ရေးသားထားတာတွေဟာ အင်မတန် ပေါ်လွင်တာပဲ။ လွန်ခဲ့တဲ့ အနှစ် ၂၀ က ရန်ကုန်တက္ကသိုလ် အကြောင်းကိုသိလိုရင် အဲဒီဘီအေမောင်ဘလွင်ဝတ္ထုကို ဖတ်ရလိမ့်မယ်။ အဲဒါကြောင့် အဲဒီဝတ္ထုဟာ ကောလိပ်ရာဇဝင်အတွက် အရေးကြီးတယ်လို့ ဆိုရတာပေါ့။ အခု တက္ကသိုလ် ကျောင်းကြီး ပေါ်ပေါက်ထွန်းကားလာပြီးနောက်မှ ဘီအေမောင်ဘလွင်ဝတ္ထုလို ဝတ္ထုတစ်အုပ်မှ မပေါ်သေးတာ ဝမ်းနည်းစရာကောင်းတာပါပဲဗျာ။ နောက်အနှစ် ၂၀ လောက်ကြာရင် အခုခေတ် တက္ကသိုလ်ကျောင်းသားတွေ ဘယ်လိုနေထိုင်ကြတယ်လို့ သိချင်ရင် ဘယ်ဝတ္ထုကိုဖတ်ရမလဲ။ ကိုင်းပြောစမ်း။”

 

ဝတ္ထုစာအုပ်အမည်ကို အင်္ဂလိပ်ဘာသာဖြင့်ပါဖော်ပြ

“ထာဝရမေတ္တာ သို့မဟုတ် ဘီအေမောင်ဘလွင် ဝတ္ထု”ကို ရေးသူမှာ ဘီအေမောင်ဘသန်း ဖြစ်သည်။ ထိုခေတ်က ဝတ္ထုစာအုပ်တို့ထုံးစံအတိုင်း ဝတ္ထုစာအုပ် အမည်ကို အင်္ဂလိပ်ဘာသာဖြင့်ပါ ဖော်ပြထားသည်။ ယင်းမှာ Constant Love or The History of Mg Ba Lwin, B.A ဟူ၍ ဖြစ်သည်။ ထိုစာအုပ်ကို မန္တလေးမြို့ မန္တလာဝတီပုံနှိပ်တိုက်က ရိုက်နှိပ်ပြီး ၁၉၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ထိုစာအုပ် အကြောင်းကို မလိခ၏ “မြန်မာစာပေ” အဘိဓာန်တွင် အောက်ပါအတိုင်း ဖော်ပြခဲ့သည်။

 

ဘီအေမောင်ဘလွင်(၁၉၁၉)။ ။ ကောလိပ် ကျောင်းသားဘဝဖွဲ့ အစောဆုံးဝတ္ထု။ ရေးသူ ဦးဘသန်း၊ စာအုပ်အမည် အပြည့်အစုံမှာ ထာဝရမေတ္တာ ခေါ် ဘီအေ မောင်ဘလွင်ဝတ္ထု ဖြစ်၏။ ရွှေဘိုမှ မောင်ဘလွင်သည် ကာလကတ္တား မက်ထရစ်အောင်ပြီး ရန်ကုန်ကောလိပ် ကျောင်းသို့ ရောက်လာ၏။ မအေးခင်အမည်ရှိ ကျောင်းသူ တစ်ယောက်နှင့် တွေ့ဆုံချစ်ကျွမ်းဝင်သော ဇာတ်လမ်းဖြစ်သည်။ စကားပြေအရေးအသားတွင် ကဗျာများလည်း ပါဝင်သည်။ ထိုဝတ္ထုတွင် စာရေးသူက နိဒါန်းဟူ၍ ဘီအေ မောင်ဘလွင်ဝတ္ထုအကြောင်းကို ဖော်ပြခဲ့သည်။

 

“၁၉၁၈ ခုနှစ် ဇူလိုင်လအတွင်း မန္တလေးမြို့မှ ရန်ကုန် မြို့သို့ မိတ်ဆွေ မောင်ဘလွင်နှင့်အတူ စာပို့မီးရထားစီး၍ ဆင်းလာရာ မီးရထားတွဲထဲ၌ ကိုဘလွင်နှင့် ကျွန်တော် နှစ်ယောက်တည်းသာရှိသဖြင့် လမ်းတွင် ကိုဘလွင်က သူနှင့် မအေးခင်တို့၏ အကြောင်းစုံကို မိတ်ဆွေဖြစ်သည့်အတိုင်း ပြန်ပြောသဖြင့် ကြားရသောအခါ ယခုကာလအသီးသီး၊ ဉာဏ်ကြီး၊ ဉာဏ်ကျယ် ဆရာကျော်အပေါင်းတို့ ရေးသား စီကုံးတော်မူကြသော ပုံပြဝတ္ထုများကဲ့သို့ အလွမ်းအဆွေး နှင့်ပြည့်စုံသဖြင့် “ကိုဘလွင်နှင့် မအေးခင်” တို့အကြောင်းကိုလည်း စာအုပ်ပြုလုပ်ရေးထုတ်ရလျှင် ဖတ်ရှုသူတို့ နာပျော်ဖွယ်ရှိလိမ့်မည်ဟု သဘောရရှိသည့်အတိုင်း ကိုဘလွင်ထံသို့ အကြောင်းကြား၍ ခွင့်တောင်းရာ ကိုဘလွင်က လည်း ကန့်ကွက်ခြင်းမရှိ၍ အမည်မြို့ရွာ နေရပ်မှစ၍ ပြောင်းလဲပြီးလျှင် ဝတ္ထုပြုပြင်ရာ၌ တေးထပ်၊ လေးချိုး၊ သဖြန်၊ ရှစ်ဆယ်ပေါ်စသော သီချင်းများကို အလိုက်သင့်ဆိုင်ရာဆိုင်ရာ ထည့်သွင်း၍ အပျင်းပြေ ဖတ်ရှုတော်မူကြရန် ရေးထုတ်လိုက်ပါသည်။ ကြီးငယ်ရွယ်လတ်စာဖတ်သူတို့နှလုံး၌ ရွှင်ပြုံးကြည်လင်စေခြင်းဖြင့် အပျင်းပြေတော်မူကြ လျှင်ပင် ဤစာအုပ်ကို စီစဉ်သူ ကျွန်တော်မှာ ပင်ပန်းကျိုးနပ်ပြီဟု ယုံမှတ်ထင်မြင်လျက် ရှိပါသည်။

 

“ကိုဘလွင်နှင့် ကျွန်တော်မှာ ရန်ကုန်ကောလိပ်ကျောင်းတွင် တစ်နှစ်တည်း ဝင်ရောက်သင်ကြားပြီး တစ်နှစ်တည်း ဘီအေစာမေးပွဲကို အောင်ခဲ့သဖြင့် ကိုဘလွင် ရန်ကုန်ကောလိပ်ကျောင်း၌ရှိစဉ် ဖြစ်ပျက်သောအရာများသည် အမှန်ဖြစ်ကြောင်းကို ကျွန်တော်သိရှိရုံမက ကိုဘလွင်နှင့် တစ်ချိန်တည်းသင်ကြားကြသော အိုင်အေ၊ ဘီအေ အတန်းသားလည်း ဤဝတ္ထုကိုဖတ်ရှုရသည်နှင့် သိရှိနိုင်ကြပါလိမ့်မည်။

 

“သို့အတွက် ဤစာအုပ်၌ ဖြစ်ပျက်သော အကြောင်းအရာများမှာ ယခုကာလအတွင်းတွင်ပင်ဖြစ်၍ စာအုပ်တွင်း၌ ထည့်သွင်းခြင်းခံရသော မိတ်ဆွေများတို့အား စာရေးသူကိုယ်တိုင်က မကောင်းသော သဘောထားမရှိ၊ အကြောင်း ပြည့်ပြည့်စုံစုံမျှသာ ထည့်သွင်းသည် ဖြစ်ပါသောကြောင့် ကျွန်တော့်အား စိတ်ထားမျက်မာန်မရှတော် မူကြရန်ကို လည်း တောင်းပန်လိုက်ပါသည်။

 

စာရေးသူ ဦးဘသန်းကို ပုသိမ်မြို့တွင် အဖ စာရေးကြီးဦးမောင်လေး၊ အမိ ဒေါ်မမတို့က ၁၈၉၀ ပြည့်နှစ်တွင် မွေးဖွားခဲ့သည်။ မြန်မာ့အလင်း အယ်ဒီတာ ဦးစိန်းမှာ အစ်ကိုကြီးဖြစ်၍ လွတ်လပ်ရေးခေတ် ပါလီမန်အမတ်ဟောင်း ပုသိမ် ဦးဘဂျန်း (ဦးဘဂျမ်း)မှာ အစ်ကိုလတ် ဖြစ်သည်။

 

တေးထပ်တစ်ပုဒ်စပ်၍ သတင်းစာတွင် ချီးမွမ်းရေးသားခဲ့

ငယ်စဉ်ကလေးဘဝ ရှစ်နှစ်၊ ကိုးနှစ်သားအရွယ်မှစ၍ ကဗျာဖွဲ့ဆိုသည်။ သီချင်း၊ ဂီတကိုလည်း ဝါသနာထုံသူ ဖြစ်သည်။ သီချင်းကြီးသီချင်းခံများကို ကျနစွာ သီဆိုနိုင်သည်။ ကိုယ်တိုင်လည်း ရေးဖွဲ့နိုင်သည်။ မြန်မာ့အလင်း အယ်ဒီတာ ဦးစိန်း၏ ညီဖြစ်သည်နှင့်အညီ အစ်ကိုကြီး အတုယူကာ မြန်မာစာပေကိုလိုက်စားခဲ့သည်ဟု ဆိုရ ပေမည်။ ထို့ကြောင့် ကောလိပ်ကျောင်းသားဘဝ၌ပင် သတင်းစာများ၌ ဆောင်းပါးများ ရေးသားခဲ့သည်။ ဦးလတ်ရေးသည့် ရွှေပြည်စိုးဝတ္ထုထွက်ပေါ်လာစဉ်က ထိုစာအုပ်ကောင်းကြောင်း တေးထပ်တစ်ပုဒ်စပ်၍ သတင်းစာ တွင် ချီးမွမ်းရေးသားခဲ့သည်။

 

ဘီအေမောင်ဘသန်း၊ မျိုးချစ်၊ စာချစ်၊ ငပျင်းစသည့် အမည်များဖြင့် ဝတ္ထု၊ ဆောင်းပါး၊ ကဗျာများ ရေးခဲ့သည်။ မော်လမြိုင်မြို့ ရှင်ဗုဒ္ဓဃောသဟိုက်စကူးကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအဖြစ် လုပ်ကိုင်နေစဉ် “ဘီအေ မောင်ဘလွင်” ဝတ္ထုကို ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုဝတ္ထုကို ၁၉၁၉ ခုနှစ်တွင် မန္တလေးမြို့ မန္တလာဝတီစာပုံနှိပ်တိုက် က ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ထိုခေတ်ကာလတွင် ဘီအေ အောင်သူက မြန်မာဝတ္ထုတစ်ပုဒ် ရေးသားထုတ်ဝေသည် မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

 

ဝတ္ထုသွားမှာ အတ္ထုပ္ပတ္တိခပ်ဆန်ဆန်ပင် ဖြစ်သည်။ စာရေးဆရာ၏ ကိုယ်ရေးအဖြစ်အပျက်များကို အချို့နေရာများ တွင် အနည်းငယ် လွှဲပြောင်းရေးသားထား သည်။ မောင်ဘလွင်နှင့် မအေးခင်တို့၏ အချစ်ဇာတ်လမ်း ရိုးရိုးကို မောင်ဘကြင်နှင့် မမြတင်၊ ဒေါ်သစ်၊ မောင်မြိုင်၊ မောင်ခင်မောင်အစရှိသော ဇာတ်ဆောင်များဖြင့် သိုင်းဝိုင်း၍ တေးထပ်၊ ဒွေးချိုး၊ လေးဆစ် ကဗျာလင်္ကာ များဖြင့် ဖွဲ့နွဲ့ ရေးသားထားသည်။ ဤဝတ္ထု၏ ဇာတ်လိုက် မောင်ဘလွင် သည် ကာလကတ္တားယူနီဗာစီတီသိပ္ပံ ကျောင်းတော်ကြီးမှ စစ်ဆေးသော မက်ထရစ်ကူလေးရှင်းခေါ် ၁၀ တန်း စာမေးပွဲကို အောင်မြင်ပြီးနောက် ရွှေဘိုမြို့မှ ရန်ကုန်ကောလိပ်သို့ ပညာဆက်လက်သင်ကြားရန် သွားခါနီး ရည်းစား မအေးခင်နှင့် တွေ့ဆုံခန်းတွင် “ဥက္ကလာ ဒဂုံကနက်နဂရာနန်းဆီသို့၊ ကျွန်ုပ်မှာ အကြုံထွက်ခါ မြန်းရမှာမို့၊ အခက်ဗျာပါလွှမ်းပါလို့၊ ခဏကလေးမရွှင်၊ မသက်သာလွမ်းလိုက်ပါဘိ နှမ အေးခင်။ ဆံရစ်ကလေး ငယ်က၊ ချစ်သွေးတော်နှစ်ဖြာညီလို့၊ ကညာရီ တဖြစ် ကူးခဲ့တော့၊ နံ့သာဆီအနှစ်ဦးတွေနှင့် ဖူးထွတ် အသွင်ကိုနော်ကွယ်၊ နူးညွတ်ဘဝင်။ ပညာအစုံ အရရှာဖို့၊ အရေးငယ်ကြောင့်၊ မကြင်သာတစ်ဖုံ၊ အလှကညာနှင့် ဝေးရသော်လည်း၊ ခဏတာကလေးငယ်မှ၊ သည်တစ်ပါး အပြင်ကို၊ အတည်စကားဆင်၊ အခွင့်အကွက် မထွေပြား၊ ဤဘုရားသခင်ဖြင့် သက်သေတစ်ပါး၊ တပေါင်းလအခါ ကျောင်းပိတ်ရင် ရွှေဘိုလာခဲ့မပ၊ အပွေပိုကာ အခက်တွေ မပျိုးလိုက်ပါနှင့်၊ တမေပျိုကညာ သက်စေဖို့ အကျိုးသာပ၊ ရက်ရေတမျိုးနှင့်နေလျက်၊ တစ်ခါမမှားရစေဖို့၊ လက်ရွှေချိုးလို့ ရေတွက်ခါထား” ဟူ၍ ရေးသား ထားသည်။

 

ရွှေပြည်စိုးဝတ္ထုနှင့် အနည်းငယ်ဆင်

ရေးသားပုံအလုံးစုံကို ခြုံ၍ဆိုရသော် ရှေးလည်း လုံးလုံးမကျ၊ ကာလလည်းလုံးလုံးမဆန်၊ ရှေးနှင့်ကာလ နှစ်မျိုးစလုံးကို ရောစပ်ကာ ရေးသားထားသောစာ ဖြစ်လေသည်။ တစ်ခါတစ်ရံ လင်္ကာအသွားမျိုးဖြင့် ကာရန် တို့ကိုသုံးကာ ရေးသားထား၏။ တစ်ခါ တစ်ခါ၌လည်း ရိုးရိုးစကားပြေဖြင့်သာ ရေးသားထားလေသည်။ ရေးသားပုံမှာ ရွှေပြည်စိုးဝတ္ထုနှင့် အနည်းငယ် ဆင်၏ဟု သိပ္ပံမောင်ဝက ဖော်ပြခဲ့သည်။

 

ပြည့်ပြည့်စုံစုံ ပေါ်လွင်အောင် တင်ပြရေးဖွဲ့

“အရေးအဖွဲ့တွင် မဆန်းပြားခဲ့သော်လည်း၊ လူ့သဘာဝအဖွဲ့တွင် အားနည်းချက်ရှိခဲ့သော်လည်း အကြောင်းအရာ ပိုင်းတွင်မူ ထိုခေတ်ထိုအခါက မြန်မာကျောင်းသားကလေးများ၏ စိတ်နေစိတ်ထား၊ ကျောင်းသားကလေးများ ပြုမူကြပုံ အလုံးစုံတို့ကို လည်းကောင်း၊ ကောလိပ်ကျောင်းသားများ နေထိုင် ပြုမူကြပုံ၊ စိတ်သဘောထားကြပုံ၊ ပေါင်းသင်း ဆက်ဆံကြပုံတို့ကိုလည်းကောင်း ပြည့်ပြည့်စုံစုံ ပေါ်လွင် အောင် တင်ပြရေးဖွဲ့နိုင်ခဲ့လေသည်။

 

ထို့ကြောင့် သိပ္ပံမောင်ဝက “မြန်မာပြည်ရှိ ကောလိပ်ကျောင်းသားများ၏ အကြောင်းနှင့်ပတ်သက်၍ ရေးသားထား သော စာတို့အနက် ဤစာမှာ အကောင်းဆုံး ပင် ဖြစ်ပေသည်”ဟူ၍ တစ်မျိုး၊ “သည်စာအုပ်ကို ဇဝနရေးတဲ့ ကောလိပ်ကျောင်းသားဝတ္ထုရဲ့ ရှေ့တော် ပြေးလို့ ကျွန်တော်တော့ ခေါ်ချင်တာပဲဗျာ။ ၁၉၁၀ ပြည့် နှစ်လောက်က ၁၉၁၆ ခုနှစ်လောက်အတွင်း ကောလိပ်ကျောင်းသားများ ပေါင်းသင်းဆက်ဆံကြပုံ၊ နေထိုင်ကြပုံ အကြောင်းကို သိချင်ရင် ဒီစာအုပ်ကိုဖတ်ရလိမ့်မယ်။ ဒါကြောင့်ဒီစာအုပ်ဟာ ရာဇဝင်အတွက်လည်း ကျေးဇူး များတာပဲ” ဟူ၍လည်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

 

သတိုးအောင်ကလည်း “မြန်မာနိုင်ငံ ကောလိပ်ကျောင်းသားတို့ဘဝကို အဦးဆုံးဖော်ပြခဲ့သော ရှေးဟောင်းဝတ္ထုကြီး” ဟူ၍ ဆိုခဲ့လေသည်။

 

ကောလိပ်ကျောင်းသားဘဝအဖွဲ့ကို အစောဆုံး သရုပ်ဖော်ရေးသားခဲ့သော “ဘီအေမောင်ဘလွင်” ဝတ္ထုအကြောင်း ကို ရာပြည့်တက္ကသိုလ်အမှတ်တရအဖြစ် ရေးသားတင်ပြလိုက်ပါသည်။    ။