ဘာသာစာပေပေါင်းကူး (၁၆)

မောင်ခင်မင် (ဓနုဖြူ)

 

“ဘဘ၊ အရင်အပတ်တုန်းက မအားဘူး ထင်တယ်”

 

“ဟုတ်တယ် သမီးရေ၊ နယ်က တူတော်မောင် ရောက်လာပြီး အသုံးအနှုန်း ပြဿနာကလေးတစ်ခု မေးနေလို့ ရှင်းပြရင်း အချိန်ကုန်သွားတယ်။ သမီးနဲ့တောင် မပြောလိုက်ရတော့ဘူး”

 

“ဟုတ်ကဲ့ပါ”

 

“ကဲ...ဘဘတို့ပြောနေတဲ့ အကြောင်းကလေး ဆက်ကြအုံးစို့။ ရှေးစာပေတွေထဲက အင်မတန် လှတဲ့ အဖွဲ့ကလေးတစ်ခု သတိရလို့ပါ။ ခုခေတ်မှာ စကားပုံအဖြစ်နဲ့ တွင်တွင်ကျယ်ကျယ် သုံးနေတာလေ”

“ပြောပြပါ ဘဘ”

 

“သမီးပဲအရင်ဖတ်ပြပါ။ ဦးရွှန်းရဲ့ ဥမ္မာဒန္တီပျို့ ထဲက အပိုဒ်(၂၁) ပေါ့။ ရော့ ဒီမှာ”

 

“ဟုတ်ကဲ့။ ‘စစ်ရေးမက်ရေး၊ ရန်သူဘေးကြောင့် အပြေးအလွဲ၊ ဆွေမျိုးကွဲသား၊ ပြည်ထဲရေးရာ၊ ခက်သည်သာတည့်’ တဲ့”

 

“ဆက်ဖတ် သမီး”

 

“အစာအစား၊ ထွားထွားမြည့်ကြေ၊ ရှာပါလေ၍၊ သေကျေပျောက်စဲ၊ ငတ်မွတ်ကဲလျှင်၊ ပြည်ထဲရေးထက်၊ ဝမ်းရေးခက်၏။ ထို့ထက်မှာမူ၊ ချစ်ခင်သူနှင့် အတူတကွ၊ မပေါင်းရဘဲ၊ လွမ်းတ ပူဆွေး၊ သူနှင့်ဝေးသော်၊ ပြည်ထဲရေးနှင့် ဝမ်းရေးတို့ထက်၊ လွမ်းရေးခက်၏”

 

“ဟုတ်ပါပြီ။ ဥမ္မာဒန္တီဇာတ်မှာ သိဝိမင်းကြီးက ဥမ္မာဒန္တီကို မြင်လိုက်တော့ တပ်မက်စွဲလမ်းပြီး ရေရွတ်မြည်တမ်းနေပုံကို ဖွဲ့ထားတာလေ။ ဘယ်လောက်ပြောင်မြောက်သလဲ။ အဲဒီစကားကိုယူပြီး ‘ပြည်ထဲရေးထက် ဝမ်းရေးခက်၊ ဝမ်းရေးထက် လွမ်းရေးခက်’ လို့ စကားပုံအဖြစ် ပုံခိုင်း ကြတဲ့အကြောင်း အရင်အပတ်က ဘဘပြောပြီး ပြီနော်။ အဲ...သမီးလဲ လွမ်းချင်ရင် ဒီစကားပုံကို ကိုးကားနိုင်တာပေါ့”

 

“သမီးမှာ လွမ်းစရာ မရှိပါဘူး ဘဘရယ်”

 

“ဘဘက သမီးကို စတာပါ။ အဲဒီလို စကားပုံ ဖြစ်လာတဲ့ အဖွဲ့တွေ စာပေတွေမှာတွေ့ရင် သမီးသတိထားပြီး လေ့လာနိုင်တာပေါ့”

 

“ဟုတ်ကဲ့ပါ။ သမီးသတိထားပါ့မယ် ဘဘ”

 

“စကားပုံတွေလိုပဲ စာပေကပေးတဲ့ ဥပမာ စကားတွေလဲ အများကြီးပဲ။ ဥပမာခိုင်းနိုင်းတယ် ဆိုတာ ပိုပြီးထင်ရှားအောင် ခိုင်းနှိုင်းတာ မဟုတ်လား။ ဒါကြောင့် ဥပမာတွေဟာ အင်မတန် ပေါ်လွင်တဲ့ အသုံးစကားတွေပေါ့ကွယ်”

 

“ဟုတ်ကဲ့ပါ”

 

“ကဲ...မိဘကျေးဇူးအကြောင်းပြောမယ်ဆို တာနဲ့ သမီးဘာကို သတိရသလဲ”

 

 

“မြင်းမိုရ်တောင်ဦး မကကျူးသား၊ ကျေးဇူး သခင်၊ မွေးမိခင်နှင့် ဖခင်တို့အား..” ဆိုတဲ့ အဖွဲ့ကို သတိရပါတယ် ဘဘ။

 

“ဒါပေါ့။ မိဘကျေးဇူး အကြောင်းပြောရင် မြင်းမိုရ်တောင်နဲ့နှိုင်းပြီး ပြောကြတာ ခုအထိ အစဉ်အဆက်သုံးလာကြ တာပဲလေ။ အင်မတန်အသုံးတွင်တဲ့ ဥပမာပေါ့”

 

“ဟုတ်ကဲ့”

 

“တချို့ ဥပမာတွေကျတော့ သုံးဖန်များလို့ ပုံသေစကားတောင် ဖြစ်နေပြီ။ ‘ ထင်ရှားလှပါ ပေသည်' ဆိုတဲ့ စကားရဲ့ ရှေ့မှာ ဥပမာစကား ထည့်ပါဆိုရင် သမီးဘာထည့်မလဲ”

 

“’ လယ်ပြင်မှာဆင်သွားသကဲ့သို့ထင်ရှားလှပါ ပေသည်’  ပါ ဘဘ”

 

“ဟုတ်တယ်။ ထင်ရှားတဲ့အကြောင်းပြောမယ် ဆိုတာနဲ့ ဒိပြင်ဥပမာကို မစဉ်းစားတော့ဘူး။ ဒီဥပမာပဲ အရင်ဆုံးသတိရတာလေ”

 

“ဟုတ်ကဲ့ပါ”

 

“ပညာရှင်တွေကတော့ အကြိမ်ကြိမ်သုံးတဲ့ ဥပမာလိုစကားမျိုးတွေဟာ ကြာတော့ဟောင်းနွမ်းပြီး အာနိသင် မရှိတော့ဘူး။ ဒါကြောင့် အဟောင်းတွေပဲ ထပ်တလဲလဲသုံးမနေဘဲ ဥပမာအသစ်တွေ တီထွင်သုံးကြဖို့ ဆွေးနွေးကြတယ်ကွဲ”

 

“ဟုတ်ကဲ့၊ မှတ်သားထားပါ့မယ် ဘဘ"

 

“ဆရာကြီး ပီမိုးနင်းကဆိုရင် အဲဒီလို စကားဟောင်း စကားနွမ်းတွေကို ဆီသည်မ လက်သုတ်ပဝါလိုပဲ အရောင်အဆင်း မရှိတော့ဘူးလို့ သုံးသပ်ဖူးတယ်” ။

 

“ဟုတ်ကဲ့ပါ”

 

“ဪ..တစ်ခုတော့ရှိတယ်။ စကားဟောင်း စကားနွမ်းဆိုတာ စိတ်ကူးနဲ့ဖန်တီးထားတဲ့စ ကားပုံကို ဥပမာလို တွဲစပ်ဖန်တီးတဲ့စကားတွေကို အဲဒီလိုစကားမျိုးကိုပြောတာနော်။ နေ့စဉ်သုံးနေတဲ့ ‘လူ၊ အိမ်၊ ကျောင်း၊ စားသောက်၊ နီ၊ ဖြူ’ စတဲ့အခြေခံစကားတွေကို ဆိုလိုတာ မဟုတ်ဘူးနော်။ အဲဒီစကားတွ ေဟောင်းနေပြီ၊ အသစ်ပြောင်းကြစို့ဆိုပြီး ပြောင်းလို့ ဘယ်ဖြစ်မလဲလေ”

 

“ဟုတ်ကဲ့ပါ”

 

“ရှင်မဟာရဋ္ဌသာရရဲ့ကဗျာတွေထဲမှာ သုံးထားတဲ့ဥပမာတွေ လေ့လာကြည့်ရင်ကိုပဲ ဒီနေ့အထိ အသုံးတွင်နေတဲ့ စကားတွေ အများကြီးတွေ့နိုင်ပါတယ်ကွယ်”

 

“ဟုတ်ကဲ့ပါ ဘဘ"

 

“သမီးတို့ကျောင်းသားတွေကို သင်ပေးနေတဲ့ ကဗျာကလေးတွေထဲက ဥပမာတွေပဲကြည့်ပါအုံး။ စာတွေကို ကျေကျေညက်ညက် လေ့လာဖို့ ဥပမာ ပေးထားတာပါတယ် မဟုတ်လား”

 

“ပါပါတယ်ဘဘ။ ‘ကြောင်ပုစွန်စားကျွတ်ကျွတ် ဝါးသို့’ ပါ”

 

“ဟုတ်တယ်။ ကြောင်က ပုစွန်ကို ကျွတ်ကျွတ် မြည်အောင် ဝါးစားသလို ကျေညက်နေရမယ်လို့ ပြောတာလေ။ နောက်ရိုးရိုးလေးနဲ့ ထင်းခနဲပေါ်လွင် တဲ့ ဥပမာတစ်ခုကိုသတိရတယ်။ လေ့လာကျက်မှတ် ထားတဲ့စာတွေကို အစကလေးဖော်လိုက်တာနဲ့ အကုန်လုံး ပေါ်လာတာကိုပေးတဲ့ ဥပမာလေ”

 

 “ ‘တစ်စပေါ်လျှင် ချည်စငင်သို့’ ပါ ဘဘ”

 

“ကဲ...ဘယ်လောက်လွယ်သလဲ၊ ချည်စကလေး တစ်စဆွဲထုတ်လိုက်တာနဲ့ အားလုံး စီကာ စဉ်ကာ အလိုက်သင့် ပေါ်ထွက်လာတာနဲ့ ဥပမာပေးထား တာလေ”

 

“ဟုတ်ပါတယ် ဘဘ”

 

“နောက်တစ်ခါ မိဘချမ်းသာလို့ စည်းစိမ်ခံစား နေရပေမယ့် ဘာပညာမှမတတ်တဲ့သူကို ခိုင်းနှိုင်း ထားတဲ့ ဥပမာရှိသေးတယ်”

 

“ဟုတ်ကဲ့၊ ‘ရွှေအိမ်ဘုံမြင့်၊ ခုနစ်ဆင့်ထက်၊ နေလင့်ကစား၊ ပြာသာဒ်ဖျားဝယ်၊ နားသည့်ကျီးမျှ။ ပမာကျလိမ့်’ ပါ ဘဘ”

 

“အေး၊ အဲဒီလိုလူမျိုးဟာပြာသာဒ်ထိပ်ဖျားမှာ နားနေတဲ့ ကျီးကန်းလိုပဲ..တဲ့။ ဘယ်လောက် ထိမိတဲ့ ဥပမာလဲကွယ်။ နောက်ပြီးတော့ ဟိုဟာ ဟုတ်နိုးနိုး၊ ဒီဟာဟုတ်နိုးနိုးနဲ့ ထင်ရာစွတ်လုပ် တတ်တာမျိုးကို ‘ဟုတ်လိနိုးနိုး၊ ဆင်ကန်းတိုးသို့’ လို့ ဥပမာပေးထားတယ် မဟုတ်လား”

 

“ဟုတ်ပါတယ် ဘဘ”

 

“ကန်းနေတဲ့ဆင်ဆိုတာ ဘာမှမမြင်ရတော့ တောထဲမှာ ဟိုနေရာဝင်တိုး၊ ဒီနေရာဝင်တိုး လုပ်တာနဲ့ ဥပမာပေးထားတာလေ။ ခုခေတ်မှာ ‘ဆင်ကန်းတောတိုး’ ဆိုပြီး အသုံးတွင်ကျယ် နေပြီလေ။ အဲဒီလို ထင်ရာစွတ်လုပ်ရင် ‘ဆင်ကန်းတောတိုး လုပ်တယ်’ လို့ ပုံခိုင်းပြောကြတယ် မဟုတ်လား။ ဒီစကားဟာ ရှင်မဟာရဋ္ဌသာရရဲ့လက်ဆောင်အမွေတစ်ခုပေါ့ကွယ်”

 

“သဘောပေါက်ပါပြီ ဘဘ”

 

“ကဗျာတွေမှာသာ မဟုတ်ဘူး၊ စကားပြေတွေမှာလဲ ဥပမာအဖွဲ့ကောင်းတွေ အများကြီးပါတယ်။ သမီးစိတ်ဝင်စားရင် လေ့လာကြည့်ပေါ့ကွယ်။ ဆိုပါတော့ အလုပ်တစ်ခုကိုလုပ်ပြီး အကျိုးမဲ့ဆုံးရှုံးသွားရင် ‘အိုးစိမ်းထဲဆီထည့်သလို’ လို့ ရှေးစာပေတွေမှာ ဥပမာပေးတယ်...ကွဲ့”

 

“သမီး အဓိပ္ပာယ်နားမလည်ပါဘူး ဘဘ”

 

“အေး...ခုခေတ်မှာ အသုံးနည်းတဲ့စကားပါးနေလို့ပါ။ ‘အိုးစိမ်း’ ဆိုတာ မီး မဖုတ်ရသေးတဲ့ အိုးကို ပြောတာလေ”

 

“ဪ၊ ဟုတ်ကဲ့”

 

“ရှေးကအိုးလုပ်တာရွှံ့၊ သဲ၊ မြေကြီးအစိုပေါ့။ အဲဒီမြေကြီးအစိုကို အိုးလုပ်ပြီး ချက်ချင်းသုံးလို့ မရသေးဘူးလေ။ အိုးကို မီးဖုတ်လိုက်တော့မှ ခိုင်သွားပြီး ထည့်လို့ရတာ။ သင်္ကြန်တုန်းက အတာအိုးတွေ ရောင်းတာတွေ့မှာပေါ့။ အဲဒါ မြေအိုးတွေ မဟုတ်လား။ ခုခေတ်တော့ အသုံးနည်း သွားပြီ။ အိုးလုပ်ပြီးတော့ မီးမဖုတ်ရသေးရင် ‘အိုးစိမ်း’ လို့ ခေါ်တယ်။ ‘မဖုတ်သောအိုး’လို့လဲ ခေါ်တယ်။ အဲဒီအိုးထဲဆီထည့်လိုက်တော့ အိုးက ပေါက်ပြီး အိုးရော ဆီရော ဆုံးရှုံးရတာကို ဥပမာ ပေးတာလေ”

 

“နားလည်ပါပြီ ဘဘ”

 

“ဒီဘက်ခေတ်စာရေးဆရာမကြီးတစ်ယောက် ပေးတဲ့ ဥပမာတစ်ခု ပြောပြမယ်။ ဆရာမကြီး ဂျာနယ်ကျော်မမလေးကသူ့ခင်ပွန်း ဂျာနယ်ကျော် ဦးချစ်မောင် ကွယ်လွန်စမှာ ‘သူလိုလူ’ စာအုပ် ရေးတယ် မဟုတ်လား”

 

“ဟုတ်ကဲ့၊ သမီးဖတ်ဖူးပါတယ် ဘဘ”

 

“အဲဒီထဲမှာ ဂျာနယ်ကျော် ဦးချစ်မောင် အသည်းအသန် နေမကောင်းဖြစ်တော့ ဆရာမကြီး က ဆေးရုံမှာ စောင့်ရင်း သူ့ခင်ပွန်းကို နိုင်ငံခြားမှာ ဆေးသွားကုဖို့အထိ မျှော်လင့်ချက်တွေနဲ့ စဉ်းစားနေတုန်း သူ့ရင်ခွင်ထဲမှာပဲ ခင်ပွန်း အသက်ထွက်သွားတော့ တင်းထားသမျှ စိတ်တွေ အကုန်လုံး ရုတ်တရက်လျော့ကျသွားပြီး ခင်ပွန်းရဲ့ အလောင်းပေါ် လဲကျသွားပုံကို သရုပ်ဖော်ထား တယ်လေ”

 

“ဟုတ်ကဲ့”

 

“ဘယ်လို ဥပမာပေးသလဲဆိုတော့ နာရီ သံပတ်ခွေတွေ၊ အဲတိုင်ကပ်နာရီကြီးက သံပတ်ခွေတွေပေါ့။ အဲဒီသံပတ်ခွေတွေကို ကျစ်ကျစ်လျစ်လျစ်ခွေထားရာက ရုတ်တရက်ဖြေချလိုက်တဲ့အခါ တစ်ခွေတစ်ခွေရိုက်ပြီး အရှိန်နဲ့ပြေးထွက် သွားသလိုပဲ...တဲ့။ သူ့စိတ်ထဲမှာ တစ်ချိန်လုံး တင်းထားတဲ့စိတ်တွေဟာ ခင်ပွန်းဆုံးပြီလဲဆိုရော ဗြုန်းခနဲဖြေချလိုက်သလို ခံစားလိုက်ရပြီး လျှောကျသွားသလို ခံစားလိုက်ရတာ ပုံလျက်သား လဲသွားတဲ့အထိပဲလို့ ဥပမာပေးထားတာလေ။  အင်မတန်ထိမိပေါ်လွင်တဲ့ ဥပမာပေါ့ကွယ်။ ဘဘက စိတ်ထဲမှာ နားလည်ထားသလိုရှင်းပြတာ၊ ဆရာမကြီးရဲ့ မူရင်းစကားအတိုင်း သိရအောင် သမီးပြန်ဖတ်ကြည့်လိုက်နော်”

 

“ဟုတ်ကဲ့ပါ ဘဘ၊ အများကြီးကျေးဇူး တင်ပါတယ်” ။ ။