ဘာသာစာပေစုံလင်ခဲ့ရာ ကံ့ကော်တောမှာ

၂၅ နိုဝင်ဘာ

ကျွန်မရဲ့ တက္ကသိုလ်နည်းပြဆရာမဘဝကို ရန်ကုန်တက္ကသိုလ် (၇၅)နှစ်ပြည့် စိန်ရတုနှင့်စပြီး ယခု ကျွန်မ ပါမောက္ခဘဝရောက်တဲ့အခါ ရန်ကုန်တက္ကသိုလ်၏ နှစ်(၁၀၀)ပြည့်နှင့် ရေစက် ဆုံရပါသည်။ ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာက အမိ ရန်ကုန်တက္ကသိုလ်သည် စိန်ပန်းနီနီ၊ ကံ့ကော်ရနံ့ သင်းပျံ့ထုံလျက် တင့်တယ်လှသကဲ့သို့ ယခုကာလတွင်လည်း ရဲရဲနီသော စိန်ပန်း ပင်လေးများက အလှဆင်လျက် ပန်းကံ့ကော်ရနံ့ကလည်း သင်းထုံလျက်ပင်။

ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ စာပေစွမ်းပကား

ကျွန်မကို အမိရန်ကုန်တက္ကသိုလ်ရင်ခွင် ထဲနားခိုခွင့်ရအောင် ဆွဲခေါ်လာခဲ့သူမှာ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ရသတ္ထုရှည်ကြီး များဟုဆိုလျှင် မမှားပါ။ မြဝတီ၊ ငွေတာရီ၊ သွေးသောက်၊ ရှုမဝ၊ စန္ဒာ အစရှိသော လစဉ်ထုတ်မဂ္ဂဇင်းများမှ ကာတွန်းရုပ်ပုံလေးများက ကျွန်မကလေးဘဝ စာဖတ်တတ်သည့် အလေ့အကျင့်ကို ပျိုးထောင်ပေးခဲ့ပါသည်။ ထိုမှ အလယ်တန်း၊ အထက်တန်းကျောင်းသူဘဝ ရောက်သောအခါ အစာအုပ်စင်မှလုံးချင်း ဝတ္ထုရှည်များနှင့် ကျွန်မအတော်လေးပင် ရင်းနှီးခဲ့ရပါသည်။ အန္ဒီဝတ္ထုများထဲမှဆရာ ကြီးတက္ကသိုလ်ဘုန်းနိုင်၏ ဝတ္ထု အများစုမှာ တက္ကသီလာမြကျွန်းသာအကြောင်း၊ ဆရာ ကြီး၏ အဓိကဘာသာရပ်ဖြစ်သည့် စိတ် ပညာအကြောင်း တစ်နည်းမဟုတ် တစ်နည်း ဖွဲ့ယှက်နေသည်သာ များပါသည်။

ဆရာကြီး၏တက္ကသီလာ မြကျွန်းသာ၏ အဖွဲ့အနွဲ့ အခင်းအကျင်းများက ကျွန်မကို အမိရန်ကုန်တက္ကသိုလ်၌ စာပေပညာကို လေ့လာဆည်းပူးချင်လာအောင် ညှို့ငင်နေပါတော့သည်။ ထို့ကြောင့် အခြေခံပညာ အထက်တန်း ကျွန်မ အောင်မြင်သည့်အခါ မြန်မာစာအဓိကကိုသာ ယူခဲ့ပါသည်။ ကျွန်မ တို့တုန်းက ပထမနှစ်နှင့် ဒုတိယနှစ်ကို စကားဖြူတောဟု တင်စားကြသည့် ရန်ကုန် တက္ကသိုလ် (ကြည့်မြင်တိုင်နယ်မြေ) တွင် တက်ရပါသည်။ တတိယနှစ်မှစ၍ ရန်ကုန် တက္ကသိုလ်ထဲတွင် ဆက်လက်ပညာဆည်းပူး ရပါသည်။ ရန်ကုန်တက္ကသိုလ် မြန်မာစာ ဌာနတွင် ဆက်လက်ပညာသင်ရမည့် ကျောင်းသားများထဲတွင် ကျွန်မအပျော်ဆုံး ဖြစ်ခဲ့ရပါသည်။

ကျွန်မတွေ့ချင်လှသည့် ဘွဲ့နှင်းသဘင် ခန်းမ၊ သစ်ပုပ်ပင်၊ အပန်းဖြေရိပ်သာ၊ အင်းလျားကန်၊ မိခင်ဌာန တောင်ငူဆောင် ထိုမျှမက ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ ဝတ္ထုများထဲမှ တက္ကသိုလ်ပုံရိပ်များ၊ ကျွန်မ တတိယနှစ် တစ်နှစ်လုံး နည်းပြတန်းစာမေးပွဲ ဖြေဆိုချိန် အထူးပြုဘာသာရပ်အချိန်များသာ အတန်းတက်၍ ရန်ကုန်တက္ကသိုလ် တစ်ခွင် သူငယ်ချင်းတစ်စုဖြင့် လှည့်လည်ပါတော့ သည်။ ကျွန်မ ရန်ကုန်တက္ကသိုလ်ထဲတွင် လက်ထောက်ကထိက ဆရာမဘဝဖြင့် တာဝန်ထမ်းဆောင်စဉ်က မြန်မာစာဌာနမှ ဖိတ်ခေါ်သဖြင့် စာပေဟောပြောပွဲပြုလုပ်သော အခါမှသာ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ကို မြင်ဖူးရပါသည်။

ထိုစဉ်က ဆရာကြီးမှာ ကျန်းမာရေး မကောင်းတော့သဖြင့် ကျွန်မတို့မြန်မာစာဌာနမှ ဆရာဆရာမ အငယ်များက ဆရာကြီးအား ဟောပြောပွဲစင်မြင့်ရောက်အောင် ဖေးမကူကြရပါသည်။ သို့သော် ဆရာကြီးမှာ စာပေသဘောတရားများနှင့် ပတ်သက်၍ ဟောပြောသောအခါတွင် အားမာန်အပြည့်ဖြင့် မေးသမျှကို စိတ်ရှည်လက်ရှည် ဖြေကြားပေးပုံကို တွေ့ရပါသည်။ ကျွန်မကလည်း ဆရာကြီးကို ဧည့်ဝတ်ပြုရင်း “ဆရာကြီးရဲ့ “နွယ်ဦးမွန်မို့ ချစ်ထွဋ်တင်သည် ဝတ္ထုထဲက ဓာတုဗေဒဌာနက သရုပ်ပြဆရာမလေး ဒေါ်ကေသွယ်ကို သဘောကျလို့ပါ။ ဒါပေမယ့် ကျွန်မက အခု မြန်မာစာဆရာမပါ ဟု ပြောပြရာဆရာကြီးက “ပိုကောင်းတာပေါ့ဟု ပြုံးပြီး ပြောခဲ့ပါသည်။ တကယ်တော့ ဆရာကြီးက ရသစာ ပေသာမက သုတစာပေလည်း အရေးကောင်း သူဖြစ်ကြောင်း သူ၏ “ဘုန်းနိုင်အမြင် ဘုန်း နိုင်အတွေး၊ “ခပ်သိမ်း ကလျာ ရှုဖွယ်သာတည်း အစရှိသော ဝတ္ထုသဘောတရားဆိုင်ရာ စာအုပ်များ၊ စာပေဗိမာန်စာတမ်းများ အစရှိသော ဆရာကြီး၏ စာပေသဘောတရားစာအုပ်များက ကျွန်မကျောင်းသားဘဝ မဟာဝိဇ္ဇာ ကျမ်းပြုကာလများက အထောက်အကူ အများကြီး ဖြစ်စေခဲ့ပါသည်။

 တောင်ငူဆောင်အမှတ်တရ

ကျွန်မ၏ ကံ့ကော်ပုံရိပ်တွင် အမှတ်ထင်ထင်ဖြစ်ခဲ့ရသည့် ဆရာမကြီးတစ်ဦးကို လည်း တောင်ငူဆောင်ရှေ့က ပန်းပင်လေး များမြင်တိုင်း အမှတ်ရမိပါသည်။ ဆရာမကြီးသည် အင်္ဂလိပ်စာဌာနမှ ဖြစ်သည်။ ကျွန်မတို့ တောင်ငူဆောင်တွင် ထိုစဉ်အခါက မြန်မာစာနှင့် အင်္ဂလိပ်စာဌာနတို့သည် တစ်အိမ်တည်းနေ အပေါ်ထပ်၊ အောက်ထပ်များဖြစ်သဖြင့် လှေကားအတက်အဆင်း၊ ဌာန အဝင်အထွက်တို့တွင် မကြာခဏဆုံရ တတ်သည့် အင်္ဂလိပ်စာဌာနမှ ဆရာမကြီး ဒေါ်အီးကံကြီးပင် ဖြစ်သည်။

ဆရာမကြီးသည် အင်္ဂလိပ်ဘာသာစကား ကို သင်ကြားနေသည့် ပါမောက္ခဆရာမကြီး တစ်ဦးဖြစ်သော်လည်း အမြဲတမ်း မြန်မာဆန်ဆန် ရိုးရိုးယဉ်ယဉ် ဝတ်စားတတ်သည့် အပြင် တောင်ငူဆောင်ရှေ့ အလှစိုက်ထားသည့် ပန်းလေးများကိုလည်း အမြတ်တနိုး ပန်ဆင်တတ်သူဖြစ်သည်။ ကျွန်မတို့နှင့် ဆုံတိုင်းလည်း သိသည်ဖြစ်စေ၊ မသိသည် ဖြစ်စေ အပြုံးအေးအေးဖြင့် အမြဲတမ်းပြုံးပြတတ် သူအဖြစ် ကျွန်မလေးစားခဲ့ရပါသည်။ ။

ထို့ကြောင့်လည်း ကျွန်မအတန်းအားချိန်များတွင် ဆရာမကြီး စာသင်ခန်းရှိရာ ခပ်လှမ်း လှမ်းမှနေ၍ ဆရာမကြီး စာသင်ပုံကို အမြဲတမ်းသွားကြည့်ခဲ့ရပါသည်။ ဒါကလည်း ကျွန်မရဲ့ တောင်ငူဆောင် အမှတ်တရလေးပါ။

ဆရာမကြီး မရှိတော့ပေမယ့် ဆရာမကြီးရှိစဉ်က ရံဖန်ရံခါ ခူး၍ပန်တတ်သည့် တောင်ငူ ဆောင်အောက်က ကြွေပန်းပင်လေးများကို  တွေ့ရတိုင်းလည်း ကျွန်မ ဆရာမကြီးကို အမှတ်ရမိပါသည်။

ကျွန်မ စတုတ္ထနှစ်ရောက်သည့်အခါ မြန်မာစာပေနှင့် ပတ်သက်၍အတော်လေးပင် စိတ်ဝင်စားအထင်ကြီးမိပါသည်။ ဒါကလည်း ဟောပြောပို့ချ သင်ကြားမှုကောင်းသည့် ကျေးဇူးရှင် ဆရာကြီး ဆရာမကြီးများကြောင့်ပါ။ ကျွန်မငယ်စဉ်က ရေဒီယိုမှတစ်ဆင့် ကြားခဲ့ရသည့် မြကျွန်းညိုညို၊ သီချင်းအဆိုရှင် ဆရာကြီး ဦးမြသိန်း၊ ကျွန်မ အထက်တန်းကျောင်းသူဘဝ အထက(၄) အလုံတွင် မြန်မာစာနှင့် ပတ်သက်ပြီး လာရောက်ပို့ချသော ဆရာကြီး ဦးတိမ်ကြည် တို့နှင့် နဖူးတွေ့၊ ဒူးတွေ့ ပညာသင်ရသောအခါ မြန်မာစာပေကို ပို၍လေးစားမိရပါသည်။ ထို့ကြောင့် ဘွဲ့လွန်ဆက်တက်ချင်သည့် အတွက် ကျွန်မ အင်းလျားသို့ ခြေမဆန့်နိုင်တော့ပါ။ အဓိပတိလမ်းလည်း အရသာခံ မလျှောက်နိုင်တော့ပါ။ အတန်းပြီးသည်နှင့် စာကြည့်တိုက်ရှိရာသို့ ပြေးပါတော့သည်။ အတန်းထဲတွင် ဆရာကြီး ဆရာမကြီးများ ပို့ချလိုက်သော သင်ခန်းစာလက်ချာအပြင် သင်ခန်းစာနှင့် တိုက်ရိုက်သက်ဆိုင်သည့် စာအုပ်စာတမ်းများကို ငှားရမ်းဖတ်ရှု၊ အချက်အလက် စုဆောင်းခြင်းဖြင့် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်သည် ကျွန်မကျက်စားရာ နေရာ၊ ကျွန်မအတွက် မြန်မာစာဌာနပြီးလျှင် ဒုတိယပညာသင်ပေးရာ ပညာရိပ်သာပင် ဖြစ်တော့သည်။ ကျွန်မ မဟာဝိဇ္ဇာကျမ်းပြု ကာလ၊ ပါရဂူကျမ်းပြုကာလများတွင် ကျွန်မ အတွက်လိုအပ်သော စာအုပ်စာပေအထောက် အထားများစွာကိုပေးရာ ပညာဘဏ်တိုက်ပင် ဖြစ်တော့သည်။ အချို့ ရှားပါးစာအုပ်စာတမ်းများဆိုပါက စာကြည့်တိုက်မှူးဆရာကြီး ဦးသော်ကောင်း၊ အစ်မကြီးဒေါ်ခင်နှင်းဦးတို့ကို အကူအညီ တောင်းခဲ့ရပါသည်။ ကျွန်မအတွက် လိုအပ်သမျှ စာအုပ်စာတမ်းများကို ကူညီပံ့ပိုးပေးသော ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကိုလည်း ကျွန်မ အမြဲတမ်း ကျေးဇူးတင်လျက်ပင်ရှိပါသည်။ ရသစာပေ ၏ အစွမ်းကြောင့် ကျွန်မ မြန်မာစာအထူးပြု ကျောင်းသူဖြစ်ရသကဲ့သို့ တစ်နေ့ ကျွန်မရသစာပေရေးသားရန် ရည်ရွယ်ချက်ကြောင့် မဟာဝိဇ္ဇာဘွဲ့ယူကျမ်းအတွက် ဝတ္ထုတို ဖန်တီးမှုအတတ်ပညာနှင့် ပတ်သက်ပြီး ကျမ်းပြုစုခဲ့ပါသည်။

 ဆရာကြီး ဦးဖေမောင်တင်နှင့် စတင်မိတ်ဖွဲ့ခြင်း

စာပေနှင့် ဘာသာသည် အမြဲတမ်း ဆက်စပ်လေ့လာရသည့် သဘောကို သိလာရ သည့်အတွက် စာပေထဲမှ ဘာသာစကား၏ တန်ဖိုးကို ဆက်လက်လေ့လာချင်သောကြောင့် ဆရာကြီး ဦးဖေမောင်တင်နှင့် စတင် မိတ်ဖွဲ့ရပါတော့သည်။ ဆရာကြီး ဦးဖေမောင် တင်ဟုဆိုလျှင် ရန်ကုန်ကောလိပ်ဘဝမှ ရန်ကုန်တက္ကသိုလ်ဖြစ်အောင် စွမ်းဆောင် နိုင်ခဲ့သူ၊ မြန်မာစာဌာန၊ အရှေ့တိုင်းပညာဌာန အပါအဝင် ရန်ကုန်တက္ကသိုလ်ထဲရှိ ဘာသာ ရပ်အတော်များများကို ဖွင့်လှစ်ပေးသူဟု ကျွန်မတို့ ရန်ကုန်တက္ကသိုလ် ကျောင်းတော်သူ ကျောင်းတော်သားများ သိရှိရသူပင်။

ဆရာကြီးကား ကျွန်မ သူငယ်တန်း ကျောင်းသူဘဝ ၁၉၇၃ ခုနှစ်ကပင် ကွယ်လွန် သွားရှာပြီဖြစ်ပါသည်။ ဆရာကြီး ကွယ်လွန် သွားသော်လည်း ဆရာကြီး၏ ကျွန်မတို့ မြန်မာစာဌာနကြီး အောင်မြင် ရှင်သန်အောင် ကြိုးပမ်းမှုကားပြော၍ ကုန်နိုင်မည် မထင်ပါ။ ကျွန်မတို့မြန်မာစာအထူးပြု ကျောင်းသားများ စာပေလေ့လာရာတွင် အမြဲတမ်းအားကိုးရ သည့် မြန်မာ့စာပေသမိုင်း မြန်မာသဒ္ဒါ၊ မြန်မာ ဝါကျဖွဲ့ထုံးကျမ်း ဘာသာလောကကျမ်း၊ မြန်မာဝတ္ထုတိုသမိုင်းအစနှင့် သုတေသန စာတမ်းများ အစရှိသော မြန်မာဘာသာ၊ မြန်မာစာပေဆိုင်ရာ စအုပ်စာတမ်းပေါင်း များစွာ၊ ခေတ်စမ်းစာပေလောကကို ဦးဆောင်သူ၊ တက္ကသိုလ်၏ အသက်၊ သုတေသနကို မျိုးစေ့ချခဲ့သူ ဆရာကြီး၏ နောင်လာနောင်သားများအတွက် ထားရစ်ခဲ့သော ပညာအမွေများက ပြောပြ၍ ကုန်နိုင်မည်မထင်ပါ။ ကျွန်မ ဝိဇ္ဇာတန်း၊ မဟာဝိဇ္ဇာတန်းတို့တွင် ဆရာကြီး၏ ဘာသာ၊ စာပေလေ့လာမှု၊ စာအုပ်စာတမ်းများကို ဖတ်ရှုရာမှ မြန်မာဘာသာကို ခေတ်မီဘာသာဗေဒနည်းဖြင့် ချဉ်းကပ်လေ့လာပုံကို သိမြင်ခဲ့ရပါသည်။ ဘာသာစကားတို့၏ ဝိသေသလက္ခဏာများကို စူးစမ်းတတ်လာသည်၊ နှိုင်းယှဉ်တတ်လာ သည်၊ ဆရာကြီး၏ 'ဘာသာလောကကျမ်း" စာအုပ်သည် ကျွန်မ မြန်မာစာပေလေ့လာ သည့်အဆင့်မှ မြန်မာဘာသာစကားကို ဘာသာဗေဒအမြင်ဖြင့် လေ့လာတတ်အောင် တွန်းပို့သကဲ့သို့ ရှိတော့သည်။ ကျွန်မတို့ မြန်မာစာသမားတွေအတွက် ရှေးဟောင်းစာ များ၊ ကျောက်စာများ၊ ခေတ်စာပေလေ့လာ မှုများအပြင် ဘာသာစကားများကို သိပ္ပံနည်း ကျ စနစ်တကျလေ့လာသိရှိရသည့် ဘာသာ ဗေဒပညာဖြင့်မြန်မာဘာသာကို ရှုမြင်တတ် အောင်၊ မြန်မာဒေသိယစကားများ၊ တိုင်းရင်း သားဘာသာစကားများကို စနစ်တကျ စူးစမ်း လေ့လာတတ်အောင် လမ်းစကိုဖွင့်ခဲ့ပေးပါသည်။ ထို့ကြောင့် ၁၉၁၀ ပြည့်နှစ်က စတင်ခဲ့သော မြန်မာနိုင်ငံသုတေသနအသင်းကြီး (JBRS)တွင် ဆရာကြီး အင်္ဂလိပ်ဘာသာဖြင့် ရေးခဲ့သော ဆောင်းပါးများကို ရှာဖွေဖတ်ရှု ခဲ့ရသည်။ ဆရာကြီး၏ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရတိုင်း ပညာရပ်နှင့်ပတ်သက်ပြီး စဉ်းစားစရာ၊ ဆင်ခြင်စရာ၊ လုပ်စရာ သုတေသန၊ ရေးစရာ စာတမ်းလေးများက အစီအရီ ပေါ်လာမြဲဖြစ်ပါသည်။

ဘာသာဗေဒ လေ့လာသူများအတွက် အားကိုးရာ

ဆရာကြီး၏ JBRS (၁၉၅၄) တွင် ပါရှိသော 'Some Features of the Burmese Language' ဟူသော ပညာရပ်ဆိုင်ရာ ဆောင်းပါးတစ်ပုဒ်က ကျွန်မ၏ ပါရဂူဘွဲ့ယူ ကျမ်းသည် ဘာသာဗေဒပညာရပ်ဖြစ်စေခဲ့ သည်သာမက ဘာသာဗေဒနှင့် ပတ်သက်သည့် သုတေသနစာတမ်းပေါင်းများစွာကို ရေးသားနိုင်ခဲ့ပါသည်။ ခေတ်မီဘာသာဗေဒ ပညာသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ နီးပါး ကပင် ရန်ကုန်တက္ကသိုလ်ထဲ၌ အခြေတကျ ဖြစ်လာစေခဲ့ပါသည်။ မြန်မာအသံထွက်ကို သဒ္ဒဗေဒနည်းဖြင့် စနစ်တကျ လေ့လာထား ခဲ့မှုကလည်း ကျွန်မတို့ ဘာသာဗေဒသမားတွေအတွက် အဖိုးအနဂ္ဃပင် ဖြစ်ပါသည်။ ဆရာကြီးကိုယ်တိုင် အောက်စဖို့တက္ကသိုလ်တွင် ပညာသင်ကြားချိန် ၁၉၂၅ ခုနှစ်က သဒ္ဒဗေဒပါမောက္ခ ဒန်နီယယ်ဂျုံး (Daniel Jones) နှင့် တွေ့ကာ မြန်မာစကားသံကို စနစ် တကျဖော်ထုတ်ခဲ့သည်ဟု သိရပါသည်။ မြန်မာနိုင်ငံ ဘာသာဗေဒနှင့် သဒ္ဒဗေဒ လေ့လာသင်ကြားမှုတွင် ၁၉၂၅ ခုနှစ်က ဆရာကြီးဦးဖေမောင်တင်နှင့် သဒ္ဒဗေဒ ကထိက မစ္စစ် အမ်းစထရောင်း Mrs. Arm Strong တို့ပြုစုသော Burmese Phonetic Reader' က ကျွန်မတို့ ဘာသာဗေဒ လေ့လာသူများအတွက် အားကိုးရာဖြစ်ရ ပါသည်။

ဆရာကြီး၏ လက်ရင်းတပည့်များ ဖြစ်သော ဆရာကြီး ဦးထွန်းမြင့် (တက္ကသိုလ် မင်းမော်)၊ ဆရာကြီး ဦးခင်အေး (မောင်ခင်မင်ဓနုဖြူ) တို့၏ ဘာသာဗေဒပညာရပ် သင်ကြားပို့ချမှုများက ကျွန်မမြန်မာစာဌာန တွင် ရာထူးအဆင့်ဆင့် တာဝန်ထမ်းပြီးနောက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဘာသာဗေဒဌာနတွင် အခြေတကျ ဖြစ်စေခဲ့ပါသည်။

“ဆရာ့တပည့်တွေအားလုံး ဆရာထက် တော်ကြသူတွေ၊ တပည့်ဆိုတာ ဆရာထက်တော်မှ ဟူသော ဆရာကြီးဦးဖေမောင်တင်၏ ဒဿနများကို ကျွန်မဖတ်ရဖူးပါသည်။ ဆရာကြီး၏တပည့်များ (ကျွန်မတို့၏ ဆရာကြီး ဆရာမကြီးများ) ကလည်း ကျွန်မတို့ကို ဆက်လက်ပို့ချပေးနေခြင်းသည် ဆရာကြီး၏ ဒဿနအတိုင်းကိုအမီ လိုက်နိုင်ကြသည်ဟု ဆိုချင်ပါသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က ဆရာကြီးဦးဖေမောင်တင် ကြေးရုပ်တုကို ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် မြန်မာစာဌာန မြက်ခင်းပြင်တွင် ခံ့ခံ့ထည်ထည် စိုက်ထူခဲ့ပြီ ဖြစ်ပါသည်။ ကျေးဇူးတင်လျက် လွမ်းမိပါသည်။

ရန်ကုန်တက္ကသိုလ် အဓိပတိလမ်း ဝင်ပေါက်တံခါးရွက်ကြီး နှစ်ခုကလည်း ကျွန်မအတွက် နွေးထွေးမှုဖြစ်ရသည်ဟု ဆိုချင်ပါသည်။ ကျွန်မရာထူးတိုးဖြင့်နယ် တက္ကသိုလ်သို့ ပြောင်းရသည့်အခါ ကျောင်း ပိတ်ရက်ဇာတိရန်ကုန်မြို့သို့ ခေတ္တခဏ ပြန်ရောက်ခိုက် နယ်တက္ကသိုလ်မှ တပည့်များ အတွက် ကျောင်းသင်ခန်းစာအပြင် ဆက်လက်ဖတ်ရှုလေ့လာသင့်သော စာအုပ် စာတမ်းများ၊ ကျွန်မအတွက် သင်ကြား ရေးအထောက်အပံ့ဖြစ်သော ပညာရပ်ဆိုင်ရာ စာအုပ်များအတွက် တက္ကသိုလ်စာကြည့် တိုက်သို့ လာရမြဲဖြစ်ပါသည်။ ထိုသို့လာတိုင်း ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းဝင်ပေါက် ကပင် အမြဲဝင်လေ့ရှိကာ မဟာတန်းကျောင်း သူဘဝမှစ၍ လျစ်လျူရှုခဲ့ရသော အဓိပတိ လမ်းမကြီးအလှကို စီးမျောရင်း စာကြည့် တိုက်ရှိရာသို့ သွားမြဲဖြစ်ပါသည်။ ဝင်ပေါက် တံခါးရွက်ကြီးနှစ်ခုက အဝေးမှလာသူ ကျွန်မကို နွေးထွေးသော မိခင်လက်နှစ်ဖက်က အားရဝမ်းသာကြိုဆိုနေသည်ဟု ကျွန်မခံစား ရပါသည်။

ပညာတတ်မျိုးဆက်သစ်များ မွေးထုတ်ပေးရာ၊ တစ်ခေတ်တစ်ခါက ဘက်စုံထူးချွန် ထင်ရှားပညာပြည့်သူတို့ မြစ်ဖျားခံရာ အမိ ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ရည်ကား စာဖွဲ့ ၍ပင် မကုန်နိုင်ပါ။ စာပေကို မြတ်နိုးတတ်အောင် ရန်ကုန်တက္ကသိုလ်ကြီး၏ ဂုဏ်ရည် တို့ကို စာပေတို့ဖြင့် ဖွဲ့သီလျက် ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ ရသစာပေများက ဤနေရာ၊ ဤဝန်းကျင်သို့ ကျွန်မကို ဆွဲခေါ်ခဲ့ပါ သည်။ စာပေမှတစ်ဆင့် ဘာသာစကား တန်ဖိုးဆွဲထုတ်တတ်အောင် မိခင် မြန်မာ ဘာသာစကားကို ခေတ်မီဘာသာဗေဒ ပညာရပ်ဖြင့် လေ့လာဆင်ခြင်နိုင်စွမ်းရှိအောင် ဘာသာစာပေ သုတေသနပြုလုပ်နိုင်အောင် ဆရာကြီးဦးဖေမောင်တင်၏ ဘာသာစာပေ စာအုပ်စာတမ်းကျမ်းများက ဉာဏ် မျက်စိ ဖွင့်ပေးခဲ့ပါသည်။

မိခင်ဘာသာစကားကို ဘာသာဗေဒ အမြင်ဖြင့် လေ့လာမှုနှင့်အတူ ဒေသိယစကားများ၊ တိုင်းရင်းသားဘာသာ စကားများကိုပါ ဆက်လက်လေ့လာနိုင်ခဲ့ပါသည်။ ဆရာကြီး ၏ရေခံမြေခံကောင်းကြောင့် ယနေ့တိုးတက် ခေတ်မီနေသော ဘာသာဗေဒပညာရပ်ကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ရပါသည်။ မြန်မာစာပေသည် ကျေးဇူးတရားဖြင့် စသည် ဟု မြန်မာစာပေစတင်ရာ ပုဂံခေတ်ဦး ရာဇကုမာရ်ကျောက်စာ (မြစေတီကျောက်စာ) ကိုဗဟိုပြုလျက် ဆရာကြီးဦးဖေမောင်တင်က မှတ်ချက်ပြုဖူးပါသည်။ ထို့အတူ ကျွန်မယခုကဲ့ သို့ ဘာသာစာပေအသိပညာဖြင့် အဆင့်မြင့် ပညာနယ်ပယ်တွင် ရပ်တည်နိုင်အောင်၊ ကျွန်မထက်ပို၍ ထူးချွန်သော၊ ထက်မြက်သော တပည့်များ မွေးထုတ်နိုင်အောင် ပညာရှာခွင့်ပေးခဲ့သော အမိရန်ကုန် တက္ကသိုလ်ကို လွမ်းလည်းလွမ်းသလို ကျေးဇူးလည်းတင်ပါသည်ဟု ဆိုချင်ပါတော့ သည်။ ။

ဒေါက်တာယဉ်မျိုးတင့်