ဘားအံမြို့နယ်ရှိ အထင်ကရဂူဘုရားများတွင် တန်ဆောင်တိုင် ရုံးပိတ်ရက် ကာလအတွင်း ဘုရားဖူးများဖြင့် စည်ကားလျက်ရှိ

ဘားအံ ၁၁ နို၀င်ဘာ

တန်ဆောင်တိုင်ရုံးပိတ်ရက် အပါအ၀င်နို၀င်ဘာ(၉)ရက်မှ(၁၂)ရက်ထိ နိုင်ငံတော်အစိုးရအနေဖြင့် ပြင်ဆင် သတ်မှတ်ထားပေးခဲ့ရာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင်ယခုနှစ် ပိတ်ရက်ကာလအတွင်း အထင်ကရ ဂူဘုရား များသို့ ဘုရားဖူးခြင်း၊ အပန်းဖြေခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

0095

 

“နိုင်ငံတော်အစိုးရအနေဖြင့် ဒီလို သီတင်းကျွတ်ရုံးပိတ်ရက်၊ တန်ဆောင်တိုင်ရုံးပိတ်ရက် ရက်ရှည်ပိတ်ရက်တွေ သတ် မှတ်ပေးထားတာဟာ ရပ်‌‌ဝေး တာ၀န်ထမ်းဆောင်နေကြတဲ့ အစိုးရ၀န်ထမ်းတွေ၊ စက်ရုံအလုပ်ရုံ တွေမှာလုပ်ကိုင် နေသူတွေ့အတွက် ပြန်လည်နိုင်တာတို့ အခွင့်အလမ်းရသွားတာပေါ့” ဟု ဒေသခံ KOG အရပ်ဘက်လူမှုအဖွဲ့အစည်းဥက္ကဌ ဦးမောင်ကိုက ပြောသည်။

အထင်ကရ ဂူဘုရားများဖြစ်သော ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ဇွဲကပင်တောင်ခြေ လုံမ္ဗိနီ ဥယျာဉ်၊ ကြောင့်ကမ်လာဘ် ဘုရား၊ ဆန္ဒန်ဂူနှင့်ဆန္ဒန်ရေအိုင်၊ ကော့ကသောင်ဂူနှင့်စိမ့်စမ်းရေကန်၊ ဘုရင့်ညီဂူနှင့် ရေပူစမ်း၊ တောင်ဝိုင်းတောင်၊ ဣစ္ဆာသယ လှိုင်ဂူစသည့် ဂူဘုရားများ၊ သဘာ၀ရေတံခွန်များဖြစ်သသည့် ကျုံထော်ရေတံခွန်၊ ဇွဲကပင်တောင်အနီးရှိ စိမ့်စမ်းရေ ရေချိုးကန်၊ ချစ်သူ့မြိုင်ပန်းဥယျာဉ်တို့တွင် ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများသာမက အနယ်နယ် အရပ်ရပ်မှ ဘရားဖူးများ၊ အပန်းဖြေသူများ၊ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် အခါကြီးရက်ကြီးများတွင် နှစ်စဉ်စည်းကား နေလျက်ရှိပြီး ယခုလို တန်ဆောင်တိုင် ရုံးပိတ်ရက်တွင်လည်း ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပဲခူတိုင်းဒေသကြီးမှ လာရောက်လည်ပတ်သူ ဦးအုန်းမောင်က “အခုရောက်လာတာဆိုရင်  ပထမဦးဆုံး အခေါက်ပါပဲ။ အိမ်နီးနားချင်း မိတ်ဆွေတွေနဲ့စုပြီး ကားစင်လုံးငှား လာရောက်လည်ပတ်ကြတာပါ။ သမီးအကြီးက ကျောင်း ဆရာမ၊ သားလတ်က ကျောင်းသားပေါ့  သူတို့ကို ဒီလိုတန်ဆောင်တိုင်ပိတ်ရက်မှာ လိုက်ပို့ဖို့ အခွင့်သင့်တုန်းလေး လာရတာပါ။         သထုံမြို့မှာရှိတဲ့ ဘုရားတွေ အရင်ဖူးပြီး ဘားအံက             ဘုရင့်ညီဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ အခုဒီကျောက်ကလာဘ် (ကြောင့်ကမ်လာဘ်)ဘုရားလာဖူးရင်း စတုဒိသာ သက်သက်လွတ်ထမင်းစားပြီးရင် ဆက်သွားဉီးမှာပါ။ ညနေ စောင်းမှ ပြန်ကြမှာပါ” ဟုပြောသည်။                           

နေမျိုးလွင်(ပြန်/ဆက်)