အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲ ကျင်းပ

၁၃ ဒီဇင်ဘာ

 

အရပ်သားဆန္ဒပြပွဲများအကြား သမ္မတဟောင်း ရာထူးနုတ်ထွက်ခဲ့ပြီးနောက် ရှစ်လအကြာ သမ္မတရွေးကောက်ပွဲတစ်ရပ်ကို ကြာသပတေးနေ့တွင် ကျင်းပခဲ့ရာ အယ်လ်ဂျီးရီးယားမဲဆန္ဒရှင်များ က လျှို့ဝှက်မဲပေးစနစ်ဖြင့် ဆန္ဒမဲများပေးခဲ့ကြသည်။

 

အဒီလာဇစ် ဘော့တီလီကာ သည် အယ်လ်ဂျီးရီးယားနိုင်ငံကို အာဏာရှင်စနစ်ဖြင့် နှစ် ၂၀ ကြာ အုပ်ချုပ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဧပြီလက ရာထူးမှနုတ်ထွက်ခဲ့သည်။

 

ရွေးကောက်ပွဲခံ ကိုယ်စားလှယ်လောင်းငါးဦးလုံးသည် အစိုးရအဖွဲ့ဝင်များ ဖြစ်ကြသဖြင့် အချို့သော အယ်လ်ဂျီးရီးယားလူမျိုးများသည် ထိုရွေးကောက်ပွဲကို ကန့်ကွက်ကြရန် တောင်းဆိုခဲ့ကြသည်။

 

မြို့တော် အယ်လ်ဂျီးယားတွင် စုဝေးနေကြသည့် ထောင်နှင့်ချီသော ဆန္ဒပြသမားများနှင့် ရဲတပ်ဖွဲ့များ အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

 

ကြာသပတေးနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ က ဆန္ဒမဲပေးမှုနှုန်း မှာ ၃၃ ရာခိုင်နှုန်းရှိသည်ဟု ရွေးကောက်ပွဲ တာဝန်ရှိသူများက ဆိုသည်။ အကြိုဆန္ဒမဲ ရလဒ်များကို သောကြာနေ့တွင် သိရမည်ဟု မျှော်မှန်းထားသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို