Avatar 3 ရိုက်ကူးမှု ပြီးစီးတော့မည်

၃  အောက်တိုဘာ

Avatar 2 ရုပ်ရှင်ကားကို ရိုက်ကူးပြီးစီးသွားပြီဖြစ်ပြီး Avatar 3 ကိုလည်း ရိုက်ကူးပြီးစီးဖို့ နီးကပ်နေပြီလို့ ဒါရိုက်တာ ဂျိမ်းကင်မရွန်းက ပြောကြားခဲ့ပါတယ်။ ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ခဲ့တဲ့ အာနိုးနဲ့ ဂျိမ်းကင်မရွန်းတို့ ဗီဒီယိုကနေတစ်ဆင့် စကားပြောကြရာမှာတော့ Avatarဇာတ်ကားတွေကို ပြသဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ဂျိမ်းကင်မရွန်းက ပြောပါတယ်။

တစ်ကမ္ဘာလုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ် -၁၉ ကို Avatar ရုပ်ရှင်အဖွဲ့သားတွေလည်း ကြုံတွေ့နေရပါတယ်။ ကိုဗစ်-၁၉ ကြောင့် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းတွေ လေးလခွဲလောက် အလဟဿဖြစ်သွားတယ်လို့ ကင်မရွန်းက ဆက်ပြောပါတယ်။ ရိုက်ကူးရေးတွေ နားခဲ့ရတာကြောင့် ၂၀၂၂ဒီဇင်ဘာလောက်မှ ပြသနိုင်တော့မယ်။ ဒါကိုလည်းအသိပေးကြေညာထားပြီးသားပါလို့ ကင်မရွန်းက ပြောပါတယ်။ “ရုံတင်မယ့်ရက် လိုသေးတာကြောင့် အချိန်တစ်နှစ်ကြီးတောင် ရတာလည်း မဟုတ်ပါဘူး။ Avatar 2 ကိုပြသတဲ့အချိန်မှာ Avatar ၃ ပြီးစီးနေဖို့လည်း လိုပါတယ်။ ကျန်ရှိနေတဲ့အခန်းတွေကိုတော့ နယူးဇီလန်နိုင်ငံမှာ ဆက်လက်ရိုက်ကူး နေပါတယ်။ Avatar 2 ကတော့ ၁၀ဝ ရာခိုင်နှုန်း ရိုက်ကူးပြီးစီးသွားပါပြီ။ Avatar 3ကလည်း ၉၅ ရာခိုင်နှုန်းပြီးသွားပြီ”လို့ သူက ဆက်ပြောပါတယ်။ ရိုက်ကူးမှုတွေပြီးစီးနေပြီလို့ ပြောပေမယ့် ဂျိမ်းကင်မရွန်းဟာ ဇာတ်လမ်းဇာတ်ကွက်တွေကိုတော့ အနည်းငယ်မှ ပြောပြသွားခဲ့ခြင်း မရှိပါဘူး။

စီအင်န်အင်န်