အုတ်တွင်းမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ရန်ပုံငွေများ ပြန်လည်ထုတ်ချေး

အုတ်တွင်း၊ ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ၏ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ရည်ရွယ်၍ သံဘိုကျေးရွာတွင် တတိယအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုနွယ်ဝင်းက  မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးနှင့် သတ်မှတ်ကာလအတွင်း အရင်းအတိုးငွေများ ပေးဆပ်နိုင်ရေး အလေးထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်း မှာကြားခဲ့သည်။

ထို့နောက် သံဘိုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်သူ ၁၂၃ ဦး၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်သူ ၁၁၆ ဦး စုစုပေါင်း ၂၃၉ ဦးထံသို့ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်ရန်ပုံငွေ ကျပ် ၃၃ ဒသမ ၇၄ သန်း ထုတ်ချေးမှုကို မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ကြကြောင်း သိရသည်။

ကိုညို(ကျေးလက်)