အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကားလမ်းရေကျော်၍ ယာဉ်အစီးရေ ၁၀၀ ကျော်ပိတ်ဆို့၊ ဆွဲလဲချောင်းကျေးရွာနှင့် ဂွေးတောက်ခင်ကျေးရွာတို့တွင် ရေဝင်ရောက်လျက်ရှိ

တောင်ငူ ၃ သြဂုတ်

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်း ယနေ့ နံနက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ရေကျော်လျက်ရှိပြီး ယာဉ်အစီးရေ ၁၀၀ ကျော် ပိတ်ဆို့လျက်ရှိကြောင်း သိရသည်။

 

''နှစ်နေရာလောက် ရေကျော်နေတယ်၊ တောင်ကျရေကများတော့ ခုဆိုနှစ်ဖက်ပိတ်မိတဲ့ကားတွေ အတော်များနေပြီ၊ မီးသတ်ဌာနရယ်၊ တပ်မတော်သားတွေရယ်၊ ရှင်းလင်းဖို့သွားရောက်နေတယ်''ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်က ပြောသည်။

 

အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ ဆွဲလဲချောင်းကျေးရွာနှင့် ဂွေးတောက်ခင်ကျေးရွာ အကြားတွင် တစ်နေရာ၊ အုတ်ဖိုကျေးရွာနှင့် ညောင်ခြေထောက်ကျေးရွာအကြားတွင် တစ်နေရာ စသည့်နေရာများ တွင် ကျေးရွာများအတွင်းသို့ ရေဝင်ရောက်လျက်ရှိပြီး ကားလမ်းနှင့် ရထားလမ်းအချို့နေရာများတွင် ရေကျော်လျက်ရှိသည်။

 

အလားတူ မိုးရေနှင့် တောင်ကျရေများကြောင့် အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း ဗောဓိကုန်းကျေးရွာ အနီးတွင်လည်း ရေကျော်မှုဖြစ်ပွားနေကြောင်း သိရသည်။

 

တောင်ငူမြို့နယ် အနောက်ဘက် ရန်ကုန်-မန္တလေး အမြန်လမ်းနံဘေးရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများကို ဝါဆိုလပြည့်နေ့ သွားရောက်ဖူးမျှော်သူများရဲ့ ကား၊ ဆိုင်ကယ်များလည်း ပန်းပဲချောင်းရေတိုးလာမှုကြောင့် ပိတ်ဆို့နေပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များက ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

 

သြဂုတ်လ ၃ ရက်မှ ၈ ရက်နေ့အထိ ဘင်္ဂလားပင်လယ်အော်တွင် လေအလွန်အားကောင်းပြီး မုန်တိုင်းဖြစ်ပေါ်နိုင်၍ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာအနှံ့အပြား မိုးထစ်ချုံးရွာနိုင်ပြီး ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်ကြားမိုးကြီးခြင်းများ ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)
ဓာတ်ပုံ-Daw Chit Chit