အုတ်ဖိုမြို့နယ်၌ အခြေခံဒီဇယ်အင်ဂျင် စက်ပြင်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

အုတ်ဖို၊  ၂၃  ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဘုတလက်တန်းကျေးရွာအုပ်စု၊ ဘုတလက်တန်း ကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအဖြစ် အခြေခံဒီဇယ် အင်ဂျင်စက်ပြင် သင်တန်းကို ဖွင့်လှစ်လျက်ရှိရာ ဇန်နဝါရီ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသူရအောင်မှ အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်စိုးက သင်တန်းများ ဖွင့်လှစ်နေမှုနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ သင်တန်းသားများက သင်တန်းတွင် ရရှိခဲ့သည့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးရာ သင်တန်းကာလအား ထပ်တိုးပေးမည်ဆိုပါက ပိုမိုအဆင်ပြေ နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ဒေသ လိုအပ်ချက်အရ ရိတ်ခြွေစက်နှင့် ထွန်စက်များ ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းများကိုပါ ထည့်သွင်း ဆောင်ရွက်ပေးစေလိုကြောင်းနှင့် မိမိတို့တောင်သူများအနေဖြင့် စက်ပြင်သင်တန်းများ ဖွင့်လှစ် ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးတင်ပြရာ ဦးဝင်းမြင့်စိုးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

 

ထို့နောက် သင်တန်းသားများအား ဦးဝင်းမြင့်စိုးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းတွင် သင်တန်းသား ၂၀  ဖြင့် သင်တန်းကာလ ရက် ၂၀ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အောင်သူ(အုတ်ဖို)