အတည်ပြုလူနာ တစ်သန်းကျော်လာမှုနဲ့အတူ ကမ္ဘာ့လူသားထုကြီးရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိတဲ့ ကိုဗစ် - ၁၉

ထွန်းသစ်စ

 

ကမ္ဘာတစ်ဝန်း ကိုဗစ် -၁၉ အတည်ပြုလူနာ တစ်သန်းကျော်လာပြီဖြစ်သလို သေဆုံးသူပေါင်းဟာလည်း ၅၀၀၀၀ အထိ မြင့်တက် လာပြီဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း တခြားဘယ်နိုင်ငံနဲ့မှ မတူဘဲ တစ်နေ့တည်း သေဆုံးမှုနှုန်း အမြင့်ဆုံးစံချိန် တင်ခဲ့ပါတယ်။ ထို့အတူပဲ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ အသွားအလာကန့်သတ်မှုတွေနဲ့ နေထိုင်နေတာတောင် ကိုဗစ် -၁၉ က အရှိန်အဟုန် ကောင်းကောင်းနဲ့ ဆက်လက်ပျံ့နှံ့နေပြီး လူတွေရဲ့ အသက်အန္တရာယ်ကို အထိတ်တလန့် ဖြစ်စေခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စု၊ စပိန်နဲ့ ဗြိတိန်တို့ဟာ သူတို့ရဲ့ အဆိုးရွားဆုံးရက်တွေကို ဘယ်လိုပဲဖြစ်ဖြစ် ဖြတ်ကျော်နေကြပါတယ်။

 

ပိုမိုဆိုးရွားလာဖွယ်ရှိ

 

ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုကြောင့် စီးပွားရေးကုန်ကျစရိတ်တွေဟာ တစ်နေ့ပြီးတစ်နေ့ လုံးပါးပါးလာပါတယ်။ အမေရိကန် ပြည်သူတွေဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်က အလုပ်လက်မဲ့ အကျိုးခံစားခွင့်အတွက် မှတ်ပုံတင်ခဲ့ကြပါတယ်။

 

တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ကိုဗစ်-၁၉ အခြေအနေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့အတွက် အခြေအနေတွေဟာ ပိုမိုဆိုးရွားလာဖွယ်ရှိတယ်လို့ စီးပွားရေးပညာရှင်တွေက ပြောကြားထားပါတယ်။ အဲဒီအခြေ အနေအတွက် ဘာမှအသေအချာပြောလို့ မရသေးဘူးလို့ စီးပွားရေးပညာရှင်တစ်ဦး ဖြစ်သူ အီရန် ရှက်ပ်ဟာဆင်က ပြောပါတယ်။

 

မတ်လနဲ့ ဧပြီလကြား အလုပ်လက်မဲ့ကာလမှာ အမှုထမ်းလစာ စုစုပေါင်းစာရင်းဟာ ၁၆ သန်းလောက်မှ သန်း ၂၀ လောက်အထိ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ တစ်လအတွင်း အလုပ်လက်မဲ့ နှုန်းဟာလည်း ၁၃ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်တယ်လို့ သူက ဆက်ပြောထားပါ တယ်။

 

အမေရိကန်နဲ့ ဥရောပဇုန် စီးပွားရေးတွေဟာ အခုလေးလပတ်မှာ ၃၀ ရာခိုင်နှုန်းလောက်အထိ ကျုံ့သွားနိုင်တယ်လို့ ဘဏ္ဍာရေးအဆင့် သတ်မှတ်ချက်အေဂျင်စီဖြစ်တဲ့ ဖစ်ခ်ျက ဧပြီ ၁ ရက်တွင် ခန့်မှန်းလိုက်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေကလည်း ကိုဗစ်-၁၉ အကျပ်အတည်းနဲ့ သက်ဆိုင်တဲ့ မြောက်မြားစွာသော ဘဏ္ဍာရေး အကူအညီပေးရေး အစီအစဉ်တွေကို ကြေညာထားသလို ကမ္ဘာ့ဘဏ်ကလည်း ၁၅ လအတွင်း အရေးပေါ် ငွေလုံးငွေရင်းအမေရိကန်ဒေါ်လာ သန်း ၁၆၀ စတင် ထုတ်ပေးဖို့ အတည်ပြုခဲ့ပါတယ်။

 

အိမ်ထဲမှာနေဖို့ အမိန့်ထုတ်

 

ကမ္ဘာတစ်ဝန်းဖြစ်ပွားတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ လေးပုံပုံ တစ်ပုံလောက်ကို အမေရိကန်မှာ ကူးစက်ပျံ့နှံ့နေပါတယ်။ ထို့အတူပဲ ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူတွေ အရေအတွက်ဟာလည်း မြင့်တက်လာပါတယ်။

 

အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လူပေါင်း ၁၁၀၀ သေဆုံးမှုအပါအဝင် စုစုပေါင်း လူပေါင်း ၆၀၀၀ လောက်သေဆုံးခဲ့တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ စာရင်းအရ သိရပါတယ်။

 

အိမ်ဖြူတော်ကျွမ်းကျင်သူတွေကတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အမေရိကန် ၁၀၀၀၀ဝ နဲ့ ၂၄၀၀၀၀ အကြားသေဆုံးနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ၈၅ ရာခိုင်နှုန်းလောက်သော ပြည်သူတွေကို အိမ်ထဲမှာပဲနေဖို့ အမိန့် ထုတ်ပြန်ထားပါတယ်။

 

အမေရိကန်ပြည်ထောင်စု နယူးယောက် ပြည်နယ်ဟာ ကိုဗစ်- ၁၉ စတင်ဖြစ်ပွားတဲ့ ဗဟိုချက်မနေရာလိုဖြစ်နေတဲ့အတွက် မြို့တော်ဝန် ဘီလ်ဒယ်ဘလာစီယိုက ဒေသခံတွေကို အပြင်ထွက်တဲ့အခါ မျက်နှာကိုဖုံးအုပ်ဖို့ တိုက်တွန်းပြောကြားထားပါတယ်။ ထို့အတူ အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်ကလည်း နောင်လာမယ့် ရက်အနည်းငယ်အတွင်း လူထူထပ်တဲ့ နေရာတွေမှာ နှာခေါင်းစည်း အသုံးပြုဖို့ တိုက်တွန်းပြောကြားချင်ပါတယ်လို့ ပြောပါတယ်။

 

အသက်အရွယ်မရွေးဖြစ်ပွားနိုင်

 

ဥရောပဟာ ရက်သတ္တပတ်အတော်ကြာ ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်း ဖြစ်ပွားရာ အဓိကနေရာလိုဖြစ်လာခဲ့ပြီး ကိုဗစ်-၁၉ ကပ် ရောဂါကူးစက်မှု အခြေအနေတွေဟာ အမြင့်ဆုံး ဖြစ်လာမယ့်သဘောကို တွေ့ရပါတယ်။ စပိန်နဲ့ ဗြိတိန်တို့မှာတော့ ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ကြောင့် သေဆုံးသူဦးရေဟာ ၉၅၀ နဲ့ ၅၆၉ ဦးစီ အသီးသီးဖြစ်ကြပါတယ်။ အီတလီနဲ့ စပိန်နိုင်ငံတို့ဟာ ကမ္ဘာ့ကိုဗစ်-၁၉ ကြောင့် သေဆုံးသူရဲ့ ထက်ဝက်နီးပါးလောက်ကို ရှိပါတယ်။ သို့သော်လည်း ထပ်မံအသစ် ကူးစက်မှုတွေဟာ နှေးကွေးလာတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားထားပါတယ်။

 

အချက်အလက်တွေဖော်ပြတဲ့ မျဉ်းကွေးဖော်ပြမှုမှာတော့ တည်ငြိမ်နေတာကိုတွေ့ရတဲ့အတွက် နှေးကွေးလာတယ်ဆိုတာ သိသာပါတယ်လို့ စပိန်ကျန်းမာရေးဝန်ကြီး ဆာဗေဒါ အီလာက ပြောပါတယ်။ ကိုဗစ်-၁၉ ဟာ အဓိကအားဖြင့် အသက်ကြီးသူတွေနဲ့ ရောဂါ အခံရှိသူတွေကိုသာ ကူးစက်နိုင်ပါတယ်။ သို့သော်လည်း မကြာသေးမီက ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားတဲ့ ဖြစ်စဉ်တွေကို ကြည့်ရင် ဆယ်ကျော်သက်တွေလည်း ပါဝင်သလို ခြောက်ပတ်သားလေးတောင်ပါဝင် နေတာကို တွေ့ရတဲ့အတွက် ဘယ်အသက်အရွယ်မဆို ကိုဗစ် - ၁၉ ကို သတိထားဖို့ လိုတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်သလို ပါပဲ။

 

ကိုဗစ်-၁၉ ဟာ အသက်ကြီးသူတွေကိုပဲ ဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ လုံးဝကို မမှန်ကန်ပါဘူး။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း၏ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဟန်းစ်ကလော့က ပြောကြားလိုက်ပါတယ်။

 

အကောင်းဆုံးကြိုးစားနေကြ

 

တကယ့်ကိုပြင်းထန်တဲ့ ရောဂါတွေဟာ ဆယ်ကျော်သက်တွေနဲ့ သက်လတ်ပိုင်းတွေမှာ ဖြစ်နေတာကို သတင်းဖော်ပြချက်တွေမှာ တွေ့မြင်နိုင်ပါတယ်။ သူတို့ကို အထူးကြပ်မတ် ကုသနေတာတွေ တွေ့မြင်၊ ကြားသိနေရပြီး အဲဒီထဲက အချို့လည်း သေဆုံးကုန်ကြပါတယ် လို့ သူက ဆက်ပြောပါတယ်။

 

ဗြိတိန်မှာလည်း ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ကိုဗစ်-၁၉ စမ်းသပ်မှုတွေကို ပိုမို ဂရုတစိုက် လုပ်ဆောင်ကြဖို့ ပြောကြားလိုက်ပါတယ်။ ရက်သတ္တပတ်အတော်ကြာ တစ်ရက် ကို လူဦးရေ ၁ဝဝဝဝဝ ခန့် ကိုဗစ်- ၁၉ ရှိ မရှိ အတည်ပြုစမ်းသပ်မယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောကြားလိုက်ပြီးနောက်မှာတော့ ဘောရစ်ဂျွန်ဆင်က အခုလို ထပ်လောင်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ သူ့အစိုးရရဲ့ ကိုဗစ်-၁၉ စမ်းသပ်မှုအများအပြား မလုပ်တဲ့အပေါ် ဝေဖန်ခံနေရပါတယ်။ ထို့အတူ ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်တဲ့နေရာမှာ ရှေ့တန်းကပါဝင်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို လိုအပ်ချက်တွေ မဖြည့်ဆည်းပေးနိုင်တဲ့အတွက် ဝေဖန်ခံနေရပါတယ်။

 

ကိုဗစ်-၁၉ ကူးစက်ခံရတဲ့အရေအတွက်ဟာ ၃၅၀၀ အထက် မြင့်တက်လာတဲ့အတွက် ရုရှား နိုင်ငံ သမ္မတဗလာဒီမာပူတင်က အခပေးအလုပ် မဆင်းရက်တွေကို ဧပြီလကုန်အထိ ထပ်မံ တိုးမြှင့်လိုက်ပါတယ်။ ထို့အတူရုရှားပြည်သူတွေ အတော်များများဟာလည်း အသွားအလာ ကန့်သတ်မှုတွေ လုပ်ဆောင်ထားပါတယ်။

 

ထိုင်းနိုင်ငံမှာလည်း ကိုဗစ်- ၁၉ ကူးစက် ပြန့်ပွားမှုကိုထိန်းချုပ်ဖို့ ညမထွက်ရ အမိန့်ကို ဧပြီ ၃ ရက်မှာ ချမှတ်လိုက်ခြင်းအပါအဝင် တင်းကျပ်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကိုချမှတ် ခဲ့ပါတယ်။ အခုဆိုရင် ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်၁၉ ကို ရင်ဆိုင်ဖို့ အကောင်းဆုံးကြိုးစားနေကြတာကို တွေ့မြင်နေရသဖြင့် မကြာမီအချိန် အတွင်းမှာ ကိုဗစ်-၁၉ ကို တွန်းလှန်နိုင်တော့ မယ်ဆိုတဲ့သဘောပဲ ဖြစ်ပါတယ်။ ။

 

ကိုးကား - အေအက်ဖ်ပီ