အသွားအလာကန့်သတ်ခြင်းခံရပြီးနောက် ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီဖြစ်တဲ့ တွန်ဟန့်

၁၈ မတ်

 

ကျော်ကြားတဲ့ ဟောလိဝုဒ်ကြယ်ပွင့်တစ်ဦးဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ပထမဆုံး ထုတ်ဖော်ပြောကြားခဲ့တဲ့ မင်းသားကြီး တွန်ဟန့်ဟာ လတ်တလောမှာ အသွား အလာကန့်သတ်ခြင်းပြီးဆုံးခဲ့ကာ ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီဖြစ်ကြောင်း အေးရှားဝမ်း ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

အသက် ၆၃ နှစ်အရွယ် အော်စကာဆုရှင် မင်းသားကြီး တွန်ဟန့် တက်ရောက်နေတဲ့ ဩစတြေးလျဆေးရုံမှ တာဝန်ရှိသူတစ်ဦးရဲ့ လတ်တလော ထုတ်ဖော်ပြောကြားချက်အရ မင်းသားဟာ သီးသန့်ခွဲထားကာ အသွားအလာကန့်သတ်ခံရမှုတွေ ပြီးဆုံးပြီဖြစ်တာကြောင့် ဆေးရုံဆင်းခွင့်ရခဲ့ပြီဖြစ်ကြောင်း မတ် ၁၇ ရက်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။ မင်းသားရဲ့ ဇနီးဖြစ်သူ ၆၃ နှစ်အရွယ် တေးရေး၊ တေးဆို ရီတာဝေလ်ဆန်ဟာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း မင်းသားကြီးက တစ်ချိန်တည်းမှာ ထုတ်ဖော်ပြောကြားခဲ့ပြီး ရီတာကတော့ လက်ရှိအချိန်အထိ ဆေးရုံမှဆင်းခွင့်မရရှိသေးဘူးလို့လည်း သိရပါတယ်။

 

ကြယ်ပွင့်မောင်နှံ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပြီးနောက် သူတို့နဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေကိုလည်း ဗိုင်းရပ်စ်ကူးစက်ခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်းလည်း သိရပါတယ်။

 

အေးပြည့်