ARSA အကြမ်းဖက်အဖွဲ့၏ ယာယီစခန်းတစ်ခု ဖော်ထုတ်ရရှိ

နေပြည်တော် ၉ ဧပြီ

 

ARSA နှင့် AA အကြမ်းဖက်အဖွဲ့များအနေဖြင့် ရခိုင်ပြည်နယ်အတွင်း နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များကို ရည်ရွယ်ကျူးလွန်လျက်ရှိသဖြင့်  ၎င်းအကြမ်းဖက်အဖွဲ့များ ခိုအောင်းနိုင်သည့် နေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး အာမခံချက်ရှိစေရန် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း။

 

ARSA အကြမ်းဖက်အဖွဲ့အနေဖြင့် မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်ဒေသတွင် စိမ့်ဝင်၍ အဖျက်အမှောက်နှင့် တိုက်ပွဲများဖော်ဆောင်ရန်ရှိကြောင်း သတင်းရရှိခဲ့ပြီး ရရှိသော သတင်းဆက်အရ တပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက နယ်စပ်ဒေသလုံခြုံရေးနှင့် နယ်မြေလုံခြုံရေးအား ပိုမိုဂရုစိုက် အသေးစိတ်ဆောင်ရွက်ခဲ့ကြောင်း။

 

ထိုသို့ဆောင်ရွက်စဉ် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ရွာ၏ အနောက်ဘက် မီတာ ၂၅၀၀ ခန့် အကွာနေရာသို့အရောက်၌ နေရာ ၂ နေရာမှ မသင်္ကာဖွယ်ရာ တဲ ၂ လုံးအား တွေ့ရှိသဖြင့် ရှင်းလင်းခဲ့ရာ လက်နက်ငယ်ကျည်၊ လမ်းလျှောက်စကားပြောစက်၊ ပြောက်ကျားဝတ်စုံ လည်တိုဖိနပ်၊ ဆန်၊ ဆီနှင့် အာလူးများ၊ ဆေးမျိုးစုံ ထည့်ထားသည့် အိတ်၊ လက်ကိုင်ဖုန်း၊ မှန်ပြောင်း၊ ပလတ်စတစ်အိတ်များ၊ တစ်ဖက်နိုင်ငံဒုက္ခသည် စခန်းများတွင် UNHCR မှ ထုတ်ပေးထားသည့် ကတ်ပြားတစ်ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း။

 

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် AA အကြမ်းဖက်အဖွဲ့တို့ မကြာခဏ ထိတွေ့မှုများ ဖြစ်ပွားလျက်ရှိပြီး ဧပြီ ၅ ရက်တွင် ပုဏ္ဏားကျွန်းမြို့၏ အနောက်မြောက်ဘက် မီတာ ၇၀၀၀ ခန့် အကွာတွင်  AA  အကြမ်းဖက်အဖွဲ့ဝင်များ အခြေပြုထားသော ယာယီနေရာတစ်ခုအား သိမ်းဆည်းရမိခဲ့ကာ ဖြစ်စဉ်တွင် ပစ်ကျင်းများ၊ ခဲယမ်းများ၊ အသုံးအဆောင်ပစ္စည်းများနှင့် NGO အဖွဲ့အစည်းများမှ စစ်ဘေးရှောင်စခန်းများသို့ ထောက်ပံ့လှူဒါန်းထားသည့် ရိက္ခာပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်